ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်တွင်းသို့ တစ်ပတ်အတွင်း ဓာတ်ဆီ ၁၀၇၇၁ တန်ကျော်၊ ဒီဇယ် ၆၅၉၅၄ တန်ကျော်ဖြင့် စုစုပေါင်း ဓာတ်ဆီနှင့် ဒီဇယ် ၇၆၇၂၅ တန်ကျော် တင်သွင်း

ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်တွင်းသို့ တစ်ပတ်အတွင်း ဓာတ်ဆီ ၁၀၇၇၁ တန်ကျော်၊ ဒီဇယ် ၆၅၉၅၄ တန်ကျော်ဖြင့် စုစုပေါင်း ဓာတ်ဆီနှင့် ဒီဇယ် ၇၆၇၂၅ တန်ကျော် တင်သွင်း
Published 29 August 2020

ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်တွင်းသို့ တစ်ပတ်အတွင်း ဓာတ်ဆီ ၁၀၇၇၁ တန်ကျော်နှင့် ဒီဇယ် ၆၅၉၅၄ တန်ကျော်ဖြင့် စုစုပေါင်းဓာတ်ဆီနှင့် ဒီဇယ် ၇၆၇၂၅ တန်ကျော် တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၉ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း ၃၁၂၂၈၅၄ ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၁၀၇၇၁ ဒသမ ၃၅ တန်နှင့် ၁၈၇၈၈၄၃၀ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၆၅၉၅၄ ဒသမ ၁၆ တန် စုစုပေါင်းဓာတ်ဆီ၊ ဒီဇယ် ၇၆၇၂၅ ဒသမ  ၅၁ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။

ယခင်သီတင်းပတ်က ဒီဇယ် ၇၆၈၆၄ ဒသမ ၂၆ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့် နှိုင်းယှဉ်ပါက ၁၀၉၁၀ ဒသမ ၁၀ တန်၊ ယခင်သီတင်းပတ်က ဓာတ်ဆီ ၅၀၃၃၄ ဒသမ ၅၁ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၃၉၅၆၃ ဒသမ ၁၆ တန် တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် စက်သုံးဆီတန်ချိန် ငါးသန်းကျော်တင်သွင်းမှု ဒေါ်လာ ၂ ဒသမ ၃ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန်ငါးသိန်းကျော် ပိုမိုတင်သွင်းခဲ့သော်လည်း တန်ဖိုးဒေါ်လာ သန်း ၃၀၀ ခန့် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ ဒီနှစ်မှာ ယခင်ကာလတူထက် ဒီဇယ်တင်သွင်းမှုက တန်ချိန် သုံးသိန်းခွဲပိုတယ်။ တန်ဖိုးကတော့ ဒေါ်လာသန်း ၁၈၀ လျော့တယ်။ ဓာတ်ဆီက တန်ချိန် ၁၈၀၀၀၀ ကျော် ပိုတယ်။ တန်ဖိုးကတော့ ၁၁၇ သန်း လျော့တယ်။ စုစုပေါင်းဆိုရင်တော့ တန်ချိန်က ငါးသိန်းကျော်ပိုတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၂၉၇ သန်း လျော့တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၂၄ ရက်အထိ ၁၀ လခန့်တွင် ပြည်ပမှ စုစုပေါင်းစက်သုံးဆီ တင်သွင်းမှုသည် တန်ချိန် ငါးသန်းကျော် တင်သွင်းထားပြီး တန်ဖိုး ဒေါ်လာ ၂ ဒသမ ၃၇၃ ဘီလျံ ရှိသည်။ ယခင်နှစ်ကာလတူတွင် တန်ချိန် ၄ ဒသမ ၅၂၅ သန်းသာ တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၂ ဒသမ ၆၇၀ ဘီလျံရှိကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်၌ ပြည်ပမှ စက်သုံးဆီတင်သွင်းမှု တန်ချိန် ငါးသိန်းကျော် ပိုမိုတင်သွင်းထားသော်လည်း တန်ဖိုးအားဖြင့် ဒေါ်လာ ၂၉၇ သန်း လျော့ကျခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent