ဘာစီလိုနာအသင်းတွင် မက်ဆီ ဆက်နေမည်ဆိုပါက ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေးရန် ဘာတိုမူ စီစဉ်နေကြောင်း သတင်းများထွက်ပေါ်

ဘာစီလိုနာအသင်းတွင် မက်ဆီ ဆက်နေမည်ဆိုပါက ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေးရန် ဘာတိုမူ စီစဉ်နေကြောင်း သတင်းများထွက်ပေါ်
Photos: Getty Images & EPA
Photos: Getty Images & EPA
Published 28 August 2020

ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌ ဘာတိုမူသည် အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ အသင်းတွင် ဆက်နေမည်ဆိုပါက ရာထူးမှ နုတ်ထွက်ပေးရန် စီစဉ်နေကြောင်း သတင်း များထွက်ပေါ်လာခဲ့သည်။

    

လူငယ်ကစားသမားဘဝကတည်းက  ဘာစီလိုနာအသင်းတွင် ကစားခဲ့သော မက်ဆီသည် အသင်းနှင့် ရာသက်ပန်လက်တွဲသွားလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ယခုနောက်ပိုင်း အသင်း၏ ပြိုလဲကျဆင်းမှုများကြောင့် လမ်းခွဲရန် ပြင်ဆင်လာခဲ့ပြီး အသင်းဥက္ကဋ္ဌ ဘာတိုမူနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းပယ်ခဲ့ကြောင်း သိရသည်။ 

မက်ဆီသည် တစ်ချိန်က ဘာစီလိုနာအသင်းတွင် လက်တွဲခဲ့ဖူးသော နည်းပြဟောင်း ဂွါဒီယိုလာရှိရာ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန် လိုလားနေကြောင်းလည်း သတင်းများထွက်လာခဲ့သည်။ 

ထို့ကြောင့် ဘာစီလိုနာအသင်းပရိသတ်များသည် မက်ဆီကို အသင်းတွင် ဆက်ထိန်းထားပေးရန်၊ အသင်းဥက္ကဋ္ဌ ဘာတိုမူအား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ 

ဘာစီလိုနာအသင်း၏ ပရိသတ်အချို့သည် ယင်းသို့ တောင်းဆိုရာတွင် နူးကမ့်ကွင်းအတွင်း ဝင်ရောက်ရန်အထိ ကြိုးပမ်းခဲ့ကြပြီး ၎င်းတို့က အသင်းမှ မက်ဆီ ထွက်ခွာရန် စီစဉ်နေခြင်းမှာ ဘာတိုမူကြောင့် ဖြစ်သည်ဟုလည်း ယူဆခဲ့ကြသည်။ 

ယင်းကဲ့သို့ ဖိအားပေးမှုများ များပြားလာသည့်အတွက် အသင်းဥက္ကဋ္ဌ ဘာတိုမူသည် ရာထူးမှ နုတ်ထွက်ပေးရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။

    

သို့သော် ဘာတိုမူက မက်ဆီအနေဖြင့် မိမိ ရာထူးမှ နုတ်ထွက်ပေးမည်ဆိုပါက အသင်းတွင် ဆက်နေမည်ဖြစ် ကြောင်း လူသိရှင်ကြား အတိအလင်းကြေညာပေးရန် လိုအပ်မည်ဟု တောင်းဆိုထားကြောင်းလည်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ဘာတိုမူက အသင်းမှ မက်ဆီ  ထွက်ခွာရန် စီစဉ်နေခြင်းမှာ သူ့ကြောင့်ဖြစ်သည်ဟု အတိအလင်းဝန်ခံခဲ့ပါက ရာထူးမှ နုတ်ထွက်ပေးမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်းလည်း သိရသည်။  ဘာတိုမူ၏ ယခုကဲ့သို့ ပြောကြားမှုမှာ ဘာစီလိုနာအသင်းတွင် မက်ဆီ ဆက်ရှိရန် နောက်ဆုံးကြိုးပမ်းမှုတစ်ရပ်ဖြစ်သလို၊ မက်ဆီကို ပရိသတ်များနှင့် ထိပ်တိုက်တွေ့ရန် ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လာခဲ့သည်။ 

သို့သော် မက်ဆီသည် ဘာစီလိုနာအသင်းမှ ထွက်ခွာရန် စီစဉ်ရခြင်းအကြောင်းကို မကြာမီ ရှင်းလင်းပြောကြားသွားရန် ပြင်ဆင်နေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

Most Read

Most Recent