ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်ကို ပြည့်မီစွာ အကောင်အထည် ဖော်နိုင်ပါက လူတစ်ဦးချင်းစီအလိုက် တစ်နှစ်ပျမ်းမျှဝင်ငွေ ကျပ် ၃၈ သိန်းကျော်ရရှိရန် ခန့်မှန်းထားကြောင်း ရန်ကုန်တိုင်း စီမံ၊ ဘဏ္ဍာဝန်ကြီးပြောကြား

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်ကို ပြည့်မီစွာ အကောင်အထည် ဖော်နိုင်ပါက လူတစ်ဦးချင်းစီအလိုက် တစ်နှစ်ပျမ်းမျှဝင်ငွေ ကျပ် ၃၈ သိန်းကျော်ရရှိရန် ခန့်မှန်းထားကြောင်း ရန်ကုန်တိုင်း စီမံ၊ ဘဏ္ဍာဝန်ကြီးပြောကြား
Published 28 August 2020
ဆန်းထူးအောင်

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်ကို ပြည့်မီစွာ အကောင်အထည် ဖော်နိုင်ပါက လူတစ်ဦးချင်းစီအလိုက် တစ်နှစ်ပျမ်းမျှ ဝင်ငွေ ကျပ် ၃၈ သိန်းကျော်ရရှိရန် ခန့်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးက ပြောကြားသည်။

သြဂုတ် ၂၇ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးက ၂၀၂၀-၂၀၂၁ ရန်ကုန် တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း  ဥပဒေကြမ်းအား လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းနှင့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဒေသဖွံ့ဖြိုးရေးကို ဦးတည်သည့် မြို့နယ်၊ ခရိုင် မှ စတင်ရေးဆွဲထားသည့် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအ စည်းအဝေးရလဒ်များကို တိုင်းဒေသကြီးအဆင့်သို့ တင်ပြထားသည့် လုပ်ငန်းများအပါ အဝင်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဌာန ၂၇ ခု၏ စီမံကိန်းလုပ် ငန်းများအတွက် ကျပ် ၇၀၅ ဒသမ ၇ ဘီလျံ သုံးစွဲရန် လျာထားကြောင်း ဝန်ကြီးဦးရဲမင်းဦးက ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင် အခန်း (၁) တွင် အမည်၊ စတင် အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၂) တွင် စီမံကိန်းရည်မှန်းချက်နှင့် အခန်း (၃) သည် အထွေထွေဖြစ်ကြောင်း၊ နောက်ဆက်တွဲ (၁) တွင် တိုင်းဒေသကြီး၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် ဌာနများ၏ လုပ်ငန်းစဉ်များကို ဖော်ပြထားကြောင်း၊ နောက်ဆက်တွဲ (၂) တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ဌာန ၂၇ ၏ ရင်းနှီးမြှုပ်နှံမှုလျာထား ချက်များကို ဖော်ပြထားကြောင်း၊ နောက်ဆက်တွဲ (၃) တွင် တိုင်းဒေသကြီး ဖွံ့ဖြိုးမှု အတွက် ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် အဆိုပြုလုပ်ငန်းစဉ်များကို အဆိုပြုဖော်ပြ ထားကြောင်း ဝန်ကြီးဦးရဲမင်းဦးက ပြောကြားသည်။

“တိုင်းဒေသကြီးရဲ့ စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး GDP ကို ပုံမှန်စျေးနှုန်းအရ တိုးတက်မှုနှုန်း ၇ ဒသမ ၄ ရာ ခိုင်နှုန်းရရှိရန်နှင့် တစ်နိုင်ငံလုံး GDP ၏ ၂၅ ဒသမ ၆ ရာခိုင်နှုန်းပါဝင်ဖို့ ရည်မှန်းထားပါတယ်။ တိုင်းဒေသကြီးရဲ့ စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက် စျေးနှုန်းများအရ လယ်ယာကဏ္ဍရဲ့ ပါဝင်မှု အချိုးအစားကို လေးရာခိုင်နှုန်းမှ ၃ ဒသမ ၈ ရာခိုင်နှုန်းကိုလည်းကောင်း၊ စက်မှုကဏ္ဍကြီးရဲ့ ပါဝင်မှု အချိုးအစားကို ၅၀ ဒသမ ၁ ရာခိုင်နှုန်းမှ ၅၀ ဒသမ ၆ ရာခိုင်နှုန်းကိုလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးရဲ့ ပါဝင်မှု အချိုးအစားကို ၄၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၄၅ ဒသမ ၆ ရာခိုင်နှုန်း အသီးသီးဖြစ်ပေါ်စေရန် ရည်မှန်းထားပါတယ်။ ၂၀၂၀-၂၀၂၁ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ GDP တန်ဖိုးမှာ နှစ်အလိုက် စျေးနှုန်း များအရ ကျပ် ၃၃၂၁၇ ဒသမ ၉ ဘီလျံနဲ့ ပုံ မှန်စျေးနှုန်းအရ ကျပ် ၂၅၇၂၃ ဒသမ ၁ ဘီလျံရရှိဖို့ ရည်မှန်းထားရှိပါတယ်။ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်း ချက်ကို ပြည့်မီစွာ အကောင်အထည် ဖော်နိုင်ပါက လူတစ်ဦးချင်းစီ၏ Per Capital GDP ကို ၃၈ သိန်းကျော်ရရှိဖို့ ရည်မှန်းထားရှိပါတယ်” ဟု ဝန်ကြီး ဦးရဲမင်းဦးက ပြော ကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းကို သြဂုတ် ၂၄ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဖြစ်သည့်အတွက် အမျိုးသား စီမံကိန်းဥပဒေ၏ အစိတ်အပိုင်းဖြစ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြရန် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်၏ အကြံပြုချက်ကိုလည်း သြဂုတ် ၂၄ ရက်တွင် ရရှိထားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးဖြင့် အတည်ပြုထားပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း ကော်မရှင်ကလည်း ဆွေးနွေးညှိနှိုင်း အတည်ပြုပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးက ပြောကြားသည်။

 

Most Read

Most Recent