လက်ရှိအချိန်တွင် ဆန်အသစ်မပေါ်ခင်နှင့် အဟောင်းကုန်ခါနီး စပ်ကူးမပ်ကူးကာလဖြစ်သဖြင့် ပြည်တွင်းဆန်စျေးနှုန်း အနည်းငယ်မြင့်တက်နေသော်လည်း လာမည့်အောက်တိုဘာလအတွင်း စျေးကွက်တည်ငြိမ်ပြီး ဆန်စျေးကျဆင်းလာမည်

လက်ရှိအချိန်တွင် ဆန်အသစ်မပေါ်ခင်နှင့် အဟောင်းကုန်ခါနီး စပ်ကူးမပ်ကူးကာလဖြစ်သဖြင့် ပြည်တွင်းဆန်စျေးနှုန်း အနည်းငယ်မြင့်တက်နေသော်လည်း လာမည့်အောက်တိုဘာလအတွင်း စျေးကွက်တည်ငြိမ်ပြီး ဆန်စျေးကျဆင်းလာမည်
ရန်ကုန်မြို့ ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 25 August 2020
ဇေယျာငြိမ်း

လက်ရှိအချိန်တွင် ဆန်အသစ်မပေါ်ခင်နှင့် အဟောင်းကုန်ခါနီး စပ်ကူးမပ်ကူးကာလဖြစ်သဖြင့်  ပြည်တွင်းဆန်စျေးနှုန်း အနည်းငယ်မြင့်တက်မှုရှိသော်လည်း လာမည့်အောက်တိုဘာလအတွင်း စျေးကွက်တည်ငြိမ်လာပြီး စျေးနှုန်းလည်းကျဆင်းလာမည်ဖြစ်ကြာင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

“ ပြည်တွင်းစျေးကွက်မှာတော့ ဆန်စပါးရာသီအနေနဲ့ပြောရင် ဒီအချိန်က ဆန်အသစ်မပေါ်ခင်နဲ့ အဟောင်းကုန်ခါနီး စပ်ကူးမတ်ကူးအချိန်ကာလလို့ပဲ ပြောရမှာ။ နှစ်စဉ် နှစ်တိုင်းဒီလိုအချိန် သြဂုတ်၊ စက်တင်ဘာလတွေမှာ စျေးအနည်းငယ် မြင့်တက်တဲ့သဘော ရှိပါတယ်။ မကြာခင် ပေါ်ထွက်လာမယ့် အောက်တိုဘာလ အလယ်လောက်ကျရင်တော့ ဆန်စျေးကွက်က ပြန်လည်တည်ငြိမ်ပြီး ပြန်ကျလာမယ့်သဘောရှိမှာပါ။ ဆန်က ကျွန်တော်တို့ တစ်နိုင်ငံတည်းထွက်တာ မဟုတ်ဘူး။ တခြားနိုင်ငံတွေလည်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းရော၊ ဗီယက်နမ်ရော၊ ကမ္ဘောဒီးယားရော၊ ပါကစ္စတန်၊ အိန္ဒိယရော ဒီနိုင်ငံတွေအားလုံးက တစ်ပြိုင်နက်တည်း ရာသီဥတုတစ်ခုတည်းမှာပဲ ရပ်တည်ပြီးတော့ ဆောင်ရွက်ကြတာဖြစ်တဲ့အတွက် အချိန်တစ်ပြိုင်တည်းမှာပဲ ဆန်တွေပေါ်လာတဲ့အခါမျိုး ရှိတတ်တယ်။ အဲဒီအချိန်မျိုးမှာ ကမ္ဘာ့စျေးရော၊ ပြည်တွင်းစျေးမှာရော ပြန်လည်ကျတဲ့ဟာလည်းရှိပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းတွင် ရတနာတိုး ဆန်တစ်အိတ်လျှင် ကျပ် ၁၉၀၀၀ မှ ၂၂၀၀၀ ကြား၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၂၀၀၀၀ မှ ၂၁၀၀၀ ကြား၊ ဆန်ကွဲတစ်အိတ်လျှင် ကျပ် ၁၆၀၀၀ မှ ၁၈၀၀၀ ကြား အထိရှိကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

သြဂုတ် ၂၅ ရက်တွင် ပြည်တွင်းစျေးကွက်၌ ၁၀၈ ပေါင်တစ်အိတ်လျှင် ရက် (၉၀) ဆန်ကျပ် ၂၅၅၀၀ မှ ၂၆၀၀၀၊ ရတနာတိုး ကျပ်၂၃၀၀၀ မှ ၂၄၀၀၀၊ ဧည့်မထ ကျပ် ၂၂၈၀၀ မှ ၂၃၂၀၀ ရှိသည့်အတွက် တစ်လခွဲအတွင်း ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၃၀၀၀ အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၁ ရက်တွင် ပြည်တွင်းဆန်စျေးကွက်၌ အမျိုးအစားအပေါ်မူတည်၍ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၃၀၀၀ မှ ၄၂၀၀၀ ကြားရှိသည်။ ရွှေဘိုပေါ်ဆန်စျေးနှုန်းသည် ကျပ် ၄၉၀၀၀ မှ ၅၄၀၀၀ ကြားရှိကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရသည်။

သြဂုတ် ၂၅ ရက်တွင် ပေါ်ဆန်းတစ်အိတ်လျှင်၃၃၀၀၀ မှ ၃၄၀၀၀ ကျပ်၊ ပေါ်ဆန်းရှယ်တစ်အိတ်လျှင် ၃၅၀၀၀ မှ ၃၆၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်း ၃၈၀၀၀ မှ ၄၀၀၀၀ ကျပ်၊ ကြားပျံရှယ် ၃၇၀၀၀ မှ ၄၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၄၇၀၀၀ မှ ၅၄၅၀၀ ကျပ်ရှိသဖြင့် နှစ်လအတွင်း ပြည်တွင်းစားဆန်ဖြစ်သည့် ဆန်ချောစျေးနှုန်းသည် စျေးနှုန်း သိသိသာသာပြောင်းလဲမှုမရှိ၊ တည်ငြိမ်လျက် ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် ဒေါ်လာစျေးကျဆင်းခြင်း၊ ပြည်ပတင်ပို့မှု၌ စျေးနှုန်းအမြင့်မရရှိသဖြင့် ပြည်တွင်းဆန်စျေးကွက်အတွင်း အရောင်းအဝယ်အေးခဲ့ကြောင်း သိရသည်။

ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် အာရှနိုင်ငံများ၏ FOB ဆန်စျေးနှုန်းများ နှိုင်းယှဉ်ကြည့်ပါက ဆန်ဖြူ ၅ မှတ်ဆန်အမျိုးအစား တစ်တန်သည် ထိုင်းတွင် ဒေါ်လာ ၅၂၀၊ ဗီယက်နမ်တွင် ဒေါ်လာ ၄၆၃၊ အိန္ဒိယတွင် ဒေါ်လာ ၃၆၀၊ ပါကစ္စတန်တွင် ဒေါ်လာ ၄၃၀၊ မြန်မာတွင် ဒေါ်လာ ၄၄၀ စသည်ဖြင့် စျေးနှုန်းအသီးသီးရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ဆန်ဖြူ ၂၅ မှတ်ဆန်အမျိုးစား တစ်တန်သည် ထိုင်းတွင် ဒေါ်လာ ၅၀၆၊ ဗီယက်နမ်တွင် ဒေါ်လာ ၄၄၀၊ အိန္ဒိယတွင် ဒေါ်လာ ၃၃၀၊ ပါကစ္စတန်တွင် ဒေါ်လာ ၃၀၀၊ မြန်မာတွင် ဒေါ်လာ ၃၉၅ ရှိကြောင်း သိရသည်။

Most Read

Most Recent