COVID-19 ကာလအတွင်း မြန်မာနိုင်ငံကို စားနပ်ရိက္ခာထုတ်လုပ်တင်ပို့သော နိုင်ငံတစ်ခုဖြစ်လာရန် ဆောင်ရွက်ရာတွင် အွန်လိုင်းကုန်စည်ပြပွဲပလက်ဖောင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

COVID-19 ကာလအတွင်း မြန်မာနိုင်ငံကို စားနပ်ရိက္ခာထုတ်လုပ်တင်ပို့သော နိုင်ငံတစ်ခုဖြစ်လာရန် ဆောင်ရွက်ရာတွင် အွန်လိုင်းကုန်စည်ပြပွဲပလက်ဖောင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
အပြည်ပြည်ဆိုင်ရာ အွန်လိုင်းကုန်စည်ပြပွဲတွင် ပြည်ထောင်စုဝန်ကြီး အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-စီးပွား/ကူးသန်း)
အပြည်ပြည်ဆိုင်ရာ အွန်လိုင်းကုန်စည်ပြပွဲတွင် ပြည်ထောင်စုဝန်ကြီး အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 25 August 2020

COVID-19 ကာလအတွင်း မြန်မာနိုင်ငံကို စားနပ်ရိက္ခာထုတ်လုပ်တင်ပို့သော နိုင်ငံတစ်ခုဖြစ်လာရန် ဆောင်ရွက်ရာတွင် အွန်လိုင်းကုန်စည်ပြပွဲပလက်ဖောင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ကြီးမှူးပြီး အပြည်ပြည်ဆိုင်ရာအွန်လိုင်းကုန်စည်ပြပွဲ Myanmar International Expoof Organic and Natural Products ကို သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲသို့ မြန်မာနိုင်ငံအပါအဝင် တရုတ်၊ ဗီယက်နမ်၊ လာအို၊ ကိုရီးယား၊ ဂျပန်၊ ဗြိတိန်၊ အီတလီ၊ ရုရှား၊ အာရပ်စော်ဘွားများနိုင်ငံ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့မှ စိတ်ပါဝင်စားသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့များနည်းတူ COVID-19 ကာလအတွင်း နိုင်ငံတကာသို့ မိမိတို့၏ အရည်အသွေးရှိ ထုတ်ကုန်များကို မိတ်ဆက်ပြသနိုင်ရန်နှင့် စျေးကွက်သစ်များ ရှာဖွေနိုင်ရန် စီစဉ်ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒတွင် လယ်ယာထွက်ကုန်များကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးပါဝင်ကြောင်း၊ COVID-19 ကာလအတွင်း မြန်မာနိုင်ငံကို စားနပ်ရိက္ခာ ထုတ်လုပ်တင်ပို့သော နိုင်ငံတစ်ခုဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အွန်လိုင်းကုန်စည်ပြပွဲ ပလက်ဖောင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အဆိုပါကုန်စည်ပြပွဲတွင် မြန်မာ၊ တရုတ်၊ ဗီယက်နမ်၊ လာအိုနှင့် ကိုရီးယားနိုင်ငံတို့မှ ကုမ္ပဏီ ၅၀ ကျော်က ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ သစ်သီးဝလံများ၊ ရေထွက်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများကို ပါဝင်ပြသမည်ဖြစ်ကြောင်း၊ ပြပွဲကာလအတွင်း တရုတ်၊ စင်ကာပူတို့မှ ကုန်သည်လုပ်ငန်းရှင်များနှင့် Business Matching များလည်း ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ဝယ်ယူသူ/လေ့လာသူအဖြစ် တက်ရောက်ရန် ကြိုတင်စာရင်းပေးသွင်းထားသူ ၂၅၀ ကျော်ရှိကြောင်းနှင့် အွန်လိုင်းကုန်စည်ပြပွဲကို သြဂုတ် ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် COVID-19 အလွန်ကာလတွင် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အလမ်းများရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဇွန် ၁၆ ရက်က ပြောကြားသည်။

“ မြန်မာနိုင်ငံနဲ့  စားနပ်ရိက္ခာဖူလုံတဲ့ နိုင်ငံဖြစ်သလို ပြည်ပကိုလည်း တင်ပို့ရောင်းချနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့် ရှိပြီးသား အခွင့်အလမ်းတွေကို အကျိုးရှိအောင် အသုံးချပြီးတော့ ခေတ်မီစိုက်ပျိုးရေးစနစ်နဲ့ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမျိုးသားစီးပွားရေးစနစ်တစ်ခု တည်ထောင်ရာမှာ ကဏ္ဍဘက်စုံကနေ တိုးတက်အောင်လုပ်ဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ အခုလိုကာလ ကပ်ရောဂါ ကြုံတွေ့နေချိန်မှာ နိုင်ငံရိက္ခာဖူလုံရေးအပြင် ပို့ကုန်အဖြစ် တင်ပို့နိုင်မယ့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားဖြင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့အပြင် COVID-19 အလွန်ကာလမှာ ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည်းဆည်းပေးနိုင်မယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ အခွင့်အလမ်းတွေလည်း အများကြီးရှိတယ်လို့ မြင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

Most Read

Most Recent