မွန်ပြည်နယ်ရှိ မြို့နယ်များအနက် မြို့နယ်ငါးခုတွင် လုံခြုံရေးစိတ်မချရသော မဲရုံ ၈၆ ရုံ၏ လုံခြုံရေးအား ရဲတပ်ဖွဲ့က တပ်မတော်နှင့်ပူးပေါင်းကာ ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါ လုံခြုံရေးစိတ်မချရသည့် မဲရုံ ၈၆ ရုံသည် သံဖြူဇရပ်မြို့နယ်တွင် ခြောက်ရုံ၊ ရေးမြို့နယ်တွင် ၆၃ ရုံ၊ ကျိုက်ထိုမြို့နယ်တွင် ငါးရုံ၊ ကျိုက်ထိုမြို့နယ်တွင် ငါးရုံ၊ ဘီးလင်းမြို့နယ်တွင် ခုနစ်ရုံ၊ သထုံမြို့နယ် ငါးရုံဖြစ်ကြောင်း သိရသည်။
“ပုံမှန်ကတော့ အဖြူရောင်နယ်မြေဖြစ် တဲ့နေရာမှာ မဲရုံလုံခြုံရေးကို မြန်မာနိုင်ငံရဲအ ဖွဲ့က အဓိကဆောင်ရွက်ပါတယ်။ ဒါပေမဲ့ အညိုရောင်နယ်မြေနဲ့ဆက်စပ်တာတို့၊ NCA နဲ့လက်မှတ်ထိုးထားတဲ့နေရာတို့၊ လုံခြုံရေး စိတ်မချရတဲ့နေရာတွေမှာ တပ်မတော်နဲ့ပူးပေါင်းပြီး တာဝန်ယူတာပေါ့။ အတွင်းစည်းကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူတာပေါ့။ တပ်မတော်က အရန်သဘောပေါ့။ လို အပ်တဲ့အချိန်မှာ အသင့်ရှိတဲ့အနေအထား ပေါ့” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ထွန်းထွန်းက ပြောကြားသည်။
မွန်ပြည်နယ်ရှိ လူဦးရေ ၂၂၃၀၀၀၀ ကျော်တွင် ရဲတပ်ဖွဲ့ဝင် ၁၅၀၀ ရှိသဖြင့် ပြည် သူနှင့်ရဲအချိုး ပြည်သူ ၁၄၈၇ ဦးတွင် ရဲတစ် ဦးဖြစ်ပြီး၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်ထိန်းသိမ်းမှု၊ ပို့ဆောင်မှုစ သည့် လုံခြုံရေးဆောင်ရွက်ရန်ရှိ၍ မဲရုံလုံခြုံ ရေးအတွက် အထူးရဲ Special Police ခန့်ထား ရန်လိုအပ်သဖြင့် မွန်ပြည်နယ်တစ်ခုလုံး လျာထားမဲရုံ ၉၉၅ ရုံအတွက် အထူးရဲ ၁၀၀၀ ခန့် ထားနိုင်ရန်အတွက် ၉၀၀ ကျော်စုဆောင်း ထားပြီး သင်တန်းပို့ချရန် စီစဉ်နေကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
ထို့ပြင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘော်နော်ထေးကျေးရွာအုပ်စုတွင် လုံခြုံရေး အခြေနေအရ ရပ်ကျေးရွေးကောက်ပွဲကော် မရှင်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ ခန့်ထားနိုင်ခြင်းမရှိ၍ အခြေခံမဲစာရင်းမကောက်ယူနိုင် မှုအခြေအနေရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။















