ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခြင်းကြောင့် ပါရီတွင် အောင်ပွဲခံခဲ့သည့် PSG ပရိသတ်များနှင့် ရဲများ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး (၃၆)ဦး ဖမ်းဆီးခံရ

ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခြင်းကြောင့် ပါရီတွင် အောင်ပွဲခံခဲ့သည့် PSG ပရိသတ်များနှင့် ရဲများ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး (၃၆)ဦး ဖမ်းဆီးခံရ
Photo: AFP
Photo: AFP
Published 20 August 2020

ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ PSG အသင်း တက်ရောက်ခဲ့ခြင်းအတွက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် PSG အသင်းပရိသတ်များ အောင်ပွဲခံခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များ တားဆီးခဲ့ရာ ၎င်းတို့အကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး PSG အသင်းပရိသတ် (၃၆)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။ 

PSG အသင်းသည် သြဂုတ်လ (၁၈)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွင် လိုက်ပ်ဇစ်အသင်းကို (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည်။ 

ထို့ကြောင့် ပါရီမြို့ရှိ PSG အသင်း ပရိသတ်များသည် မြို့၏အထင်ကရနေရာများနှင့် PSG အသင်း၏ အိမ်ကွင်းဖြစ်သည့် Parc des Princes ကွင်းအနားတွင် စုရုံးအောင်ပွဲခံခဲ့ကြသည်။

 ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ ယခုလအတွင်း ပြန်လည်မြင့်မားလာခြင်းကြောင့် လူအများစုဝေးခြင်းမပြုရန် တားမြစ်ထားသလို အပြင်ထွက်ပါက Mask တပ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။ 

သို့သော် လိုက်ပ်ဇစ်အသင်းကို အနိုင်ရပြီးနောက် PSG အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းအတွက် PSG အသင်းပရိသတ်များသည် ပါရီမြို့လမ်းမများပေါ်တွင် ကားဟွန်းများတီးခြင်း၊ မီးရှူုးမီးပန်း ပစ်ပေါက်ခြင်းများပြုလုပ်ကာ စုရုံးအောင်ပွဲခံခဲ့ကြသည့် ဗီဒီယိုဖိုင်များမှာ လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့သည်။ 

အထူးသဖြင့် ပါရီမြို့၏အထင်ကရနေရာဖြစ်သည့် Champs-Elysees  တွင် PSG အသင်းပရိသတ်ထောင်ပေါင်းများစွာ စုရုံးအောင်ပွဲခံခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ရကြောင်း သိရသည်။ 

ယင်းသို့ လူစုခွဲချိန်တွင် PSG အသင်းပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့များသည် ပရိသတ်အချို့ကို နံပါတ်တုတ်များ အသုံးပြုရိုက်နှက်ကာ ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ပြင်သစ်ရဲများ၏ ထုတ်ပြန်ချက်အရ PSG အသင်း၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်မှုကြောင့် ပါရီမြို့တွင် အောင်ပွဲခံခဲ့သည့် အသင်းပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အသေးစားရန်ပွဲ (၃)ခုဖြစ်ပွားခဲ့ပြီး လူ (၃၆)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပါရှိသည်။ 

ဖမ်းဆီးခံထားရသူများကို အာဏာပိုင်များအား တိုက်ခိုက်မှု၊ စည်းကမ်းမလိုက်နာမှု၊ ပစ္စည်းခိုးမှု စသည့်စွဲချက်များစွာဖြင့် စွဲချက်တင်ထားကြောင်းလည်း သိရသည်။ 

Most Read

Most Recent