သြစတြီးယားရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတစ်ဦး ထွက်ပေါ်လာသော်လည်း လီဗာပူးလ် ဆက်လေ့ကျင့်နေ

သြစတြီးယားရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတစ်ဦး ထွက်ပေါ်လာသော်လည်း လီဗာပူးလ် ဆက်လေ့ကျင့်နေ
Photo: Liverpool Twitter
Photo: Liverpool Twitter
Published 20 August 2020

လီဗာပူးလ်အသင်းသည် သြစတြီးယားနိုင်ငံတွင် ရာသီကြိုလေ့ကျင့်ရေးခရီးထွက်ခွာရာ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးထွက်ပေါ်လာခဲ့သော်လည်း ၎င်းတို့၏အစီအစဉ်များကို မပြောင်းလဲဘဲ ပုံမှန်အတိုင်း ဆက်လက်လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

လီဗာပူးလ်အသင်းသည် ယခုလကုန်ပိုင်းတွင် ကစားရမည့် ကွန်မြူနတီဒိုင်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သြစတြီးယားနိုင်ငံ၊ ဆာလ်ဇ်ဘာ့ဂ်မြို့တွင် လေ့ကျင့်ခန်းဆင်းနေခြင်းဖြစ်သည်။ 

ပြီးခဲ့သည့်အင်္ဂါနေ့ (သြဂုတ် ၁၈ ရက်)တွင် လီဗာပူးလ်အသင်း၏ လေ့ကျင့်ရေးစခန်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦး ထွက်ပေါ်လာကြောင်း သြစတြီးယားသတင်းများက ဖော်ပြခဲ့ကြသည်။ 

လက်ရှိအချိန်(သြဂုတ် ၁၉ ရက်)အထိ ယင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမှာ လီဗာပူးလ်ကစားသမား တစ်ဦးတစ်ယောက် (သို့မဟုတ်) နည်းပြအဖွဲ့ဝင်တစ်ဦးတစ်ယောက် ဆိုသည်ကို ရှင်းလင်းစွာ မသိရှိရသေးပေ။ 

လီဗာပူးလ်အသင်းသည် မူလက ပြင်သစ်နိုင်ငံအရှေ့ဘက်ပိုင်းရှိ အီဗီယန်ဒေသတွင်လေ့ကျင့်ခန်းဆင်းရန် စီစဉ်ခဲ့သော်လည်း ပြင်သစ်နိုင်ငံမှ ပြန်လည်ဝင်ရောက်သူများမှာ ဗြိတိန်အစိုးရ၏ သီးခြားနေထိုင်မှု (Quarantine)စာရင်းတွင် ပါဝင်ခဲ့သဖြင့် ၎င်းတို့၏အစီအစဉ်များကို ပြောင်းလဲပြီး သြစတြီးယားနိုင်ငံ၊ ဆာလ်ဇ်ဘာ့ဂ်မြို့အနီးရှိ ဆဲလ်ဖယ်ဒန်မြို့ငယ်လေးတွင် လေ့ကျင့်ခန်းဆင်းခဲ့ခြင်းဖြစ်သည်။ 

လီဗာပူးလ်အသင်းတာဝန်ရှိသူများသည် အသင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိခြင်းမှာ အသင်း၏ ရာသီကြိုပြင်ဆင်မှုများကို ထိခိုက်မှုမရှိဆိုသည့် သဘောဖြင့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အသင်းလိုက်လေ့ကျင့်ခန်းဆင်းသည့်ပုံများအား အသင်း Twitter စာမျက်နှာ၌ ထုတ်ပြန်ပြသခဲ့သည်။ 

လာမည့် ၂၀၂၀-၂၁ ရာသီ မစတင်မီ ကစားမည့် ကွန်မြူနတီဒိုင်းပွဲကို ယခု သြဂုတ်လ(၂၉)ရက်နေ့တွင် လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ကစားသွားမည်ဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းသည် FA ဖလားချန်ပီယံ အာဆင်နယ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် စနေနေ့(သြဂုတ် ၁၅ ရက်)က အင်္ဂလန်နိုင်ငံမှ သြစတြီးယားနိုင်ငံသို့ ထွက်ခွာလာခဲ့ပြီး ခရီးစဉ်မထွက်ခွာမီ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခဲ့ကြောင်းလည်း သိရှိရသည်။ 

ထို့နောက် လေ့ကျင့်ရေးကွင်းတွင် ထပ်မံစစ်ဆေးရာ၌ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းပိုးတွေ့သူအား ထပ်မံစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး Positive ထပ်မံပြသခဲ့ပါက ၎င်းနှင့် ထိတွေ့သူများကိုပါ  (၇)ရက်ကြာ သီးခြားနေထိုင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

Most Read

Most Recent