အင်တာမီလန် ၅-၀ ရှက်တာဒိုးနက်
အင်တာမီလန်အသင်းက ရှက်တာဒိုးနက်ကို လွယ်လွယ်ကူကူ ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ရှက်တာဒိုးနက်အသင်းအနေနဲ့ အင်တာမီလန်အသင်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာ ထိန်းကစားနိုင်ခဲ့တာတစ်ခုပဲ ကျေနပ်စရာရှိခဲ့ပါတယ်။
ဂိုးပေါက်တည့်အခွင့်အရေး တစ်ကြိမ်သာ ရတဲ့အထိ ရှက်တာဒိုးနက်အသင်း မရှုမလှဖြစ်ခဲ့ရပြီး အင်တာမီလန်အသင်းကတော့ ချန်ပီယံခြေစွမ်းကို ထပ်ပြသွားခဲ့တယ်လို့ ဆိုရမှာပါ။
လူကာကူနဲ့ လော်တာရိုမာတီနက်ဇ်တို့ တွဲဖက်ပွဲထွက်လာခဲ့တဲ့ အင်တာမီလန်အသင်းက ပွဲချိန်(၁၉)မိနစ်မှာပဲ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။
ရှက်တာဒိုးနက်ဂိုးသမား ပီယာတော့ဗ်ရဲ့ အမှားကနေ ဘာရယ်လာ ရရှိသွားပြီး ဂိုးရှေ့ဖြတ်တင်ပေးတာကို လော်တာရိုမာတီနက်ဇ်က သွင်းယူခဲ့တာပါ။
ဂိုးသမားအမှားဆိုပေမယ့် ရှက်တာဒိုးနက်အသင်းရဲ့ ခံစစ်ကလည်း အားနည်းလွန်းပါတယ်။
အထူးသဖြင့် အမြင့်ဘောတွေ တားဆီးရာမှာ သိသာလွန်းခဲ့ပြီး နောက်ပိုင်းမှာတော့ စိတ်ဓာတ်ပိုင်းလည်း ပြိုလဲသွားတာကြောင့် ပိုဆိုးသွားပါတယ်။
ဒုတိယပိုင်းမှာ အင်တာမီလန်အသင်းရဲ့ တိုက်စစ်က ပိုထိရောက်လာခဲ့ပြီး လူကာကူရဲ့ တစ်ဦးချင်းထိုး ဖောက်မှုတွေကိုလည်း ရှက်တာဒိုးနက်အသင်း မထိန်းနိုင်တော့ပါဘူး။
အင်တာမီလန်အသင်းအတွက် နောက်ထပ်ဂိုးတွေကို အမ်ဘရိုစီယိုက (၆၄)မိနစ်၊ လော်တာရိုမာတီနက်ဇ်က (၇၄)မိနစ်၊ လူကာကူက (၇၈)နဲ့ (၈၃)မိနစ်တွေမှာ သွင်းယူခဲ့တာပါ။
လူကာကူက ဟက်ထရစ်ရနိုင်တဲ့ အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ (၁၀)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ ဆီဗီလာတို့ ရင်ဆိုင်ရမှာဖြစ် ပြီး သြဂုတ်လ(၂၁)ရက်ည မြန်မာစံတော်ချိန် (၁း၃၀)နာရီမှာမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။









