မန်ယူနည်းပြ ဆိုးလ်ရှားသည် ဆီဗီလာအား ရှုံးနိမ့်ခဲ့သည့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် (၈၇)မိနစ်ရောက်မှ လူစားလဲမှုပြုလုပ်ခဲ့သည့် ၎င်း၏ဆုံးဖြတ်ချက်အား ဖြေရှင်းချက်ပေးခဲ့ပြီး လာမည့်ရာသီတွင် လူအင်အားဖြည့်တင်းရန်လိုအပ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။
မန်ယူအသင်း ဆီဗီလာအား ဦးဆောင်ဂိုးပေးလိုက်ရသည်မှာ ပွဲချိန်(၇၈)မိနစ်တွင်ဖြစ်ပြီး ဆိုးလ်ရှားသည် ပထမဦးဆုံးလူစားလဲမှုအား ပွဲချိန်(၈၇)မိနစ်တွင်မှ ပြုလုပ်ခဲ့သည်။
ဆိုးလ်ရှားက တိုက်စစ်တွင် ဂိုးသွင်းခြေမြင့်သည့် ကစားသမားများစွာ ပါဝင်နေခြင်းကြောင့် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖြေရှင်းခဲ့သည်။
ဆိုးလ်ရှားက "ဒီလိုပွဲမျိုးမှာ ပွဲအတွင်းမှာလည်း အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့တဲ့၊ ပင်ကိုဂိုးသွင်းခြေလည်းမြင့်တဲ့ ကစားသမားတွေကို လူစားလဲပစ်ဖို့ ခက်ခဲပါတယ်။ ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်၊ ဘရူနို၊ မာစီယဲလ်တို့အားလုံးဟာ ဂိုးသွင်းနိုင်သူချည်းပါပဲ။ လုံလောက်တဲ့ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ပွဲပြီးခါနီး နည်းနည်းကျသွားတာတော့ ဝန်ခံပါတယ်။ ဆုံးဖြတ်ချက်အတွက် ကျွန်တော် တာဝန်ရှိပါတယ်" ဟု ပြောကြားခဲ့သည်။
ထို့ပြင် အသင်းမှာ လူအင်အား ဖြည့်တင်းရန်လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည်။ ဆိုးလ်ရှားက "အသင်းကို အားဖြည့်ဖို့ လိုအပ်ပါတယ်။ ရှည်ကြာတဲ့ရာသီတစ်ခု ထပ်လာမှာဖြစ်ပြီး အနားယူချိန်လည်း နည်းနည်းပဲ ရထားပါတယ်။ အပြောင်းအရွှေ့တွေကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်" ဟု ပြောကြားခဲ့သည်။









