ဘိုင်ယန်မြူးနစ်အသင်း၏ ဥက္ကဋ္ဌ ရူမင်နစ်ဂီက FIFA ၏ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု The Best ကို ယခုနှစ်တွင် ချီးမြှင့်မည်ဟု ပြောကြားခဲ့သည်။
ရူမင်နစ်ဂီက ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုသည် အကောင်းဆုံးဘောလုံးသမားဆုအပါအဝင် အကောင်းဆုံးဂိုးသမားဆုနှင့် အကောင်းဆုံးနည်းပြဆုများကို ယခုနှစ်တွင် ရွေးချယ်ချီးမြှင့်သွားမည်ဟု ၎င်းကို ပြောကြားခဲ့ကြောင်း Kicker နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုနှစ်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးပြိုင်ပွဲများ ကမောက်ကမဖြစ်ခဲ့သဖြင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက နှစ်စဉ်ချီးမြှင့်နေကျ Ballon d'Or ဆုကို ချီးမြှင့်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသည့် တိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် နစ်နာစေခဲ့ကြောင်း ဝေဖန်မှုများ ရှိခဲ့ပြီး ဖီဖာကမူ The Best ဆုကို ချီးမြှင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖီဖာသည် The Best ဆုအတွက် ဆန်ခါတင်စာရင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲအပြီးတွင် ကြေညာဖွယ်ရှိပြီး ဆုချီးမြှင့်ပွဲကို အောက်တိုဘာလတွင် ကျင်းပဖွယ်ရှိသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။









