မန်စီးတီးအသင်းသည် အသင်းတွင် (၁၀)နှစ်ကြာ ကစားခဲ့သည့် စပိန်ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားကို ရုပ်တုထုလုပ်၍ ဂုဏ်ပြုမည်ဟု အတည်ပြုကြေညာခဲ့သည်။
ဒေးဗစ်ဆေးလ်ဗားသည် ၂၀၁၀ နွေရာသီတွင် မန်စီးတီးအသင်းသို့ စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၄၀၀)ကျော် ကစားပေးခဲ့သူဖြစ်သည်။
ဒေးဗစ်ဆေးလ်ဗားသည် ဆယ်စုနှစ်တစ်ခုအတွင်း မန်စီးတီးအသင်းနှင့် ပြည်တွင်းအောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် လာဇီယိုအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရသည်။
မန်စီးတီးအသင်းသည် အသက်(၃၄)နှစ်ရှိပြီဖြစ်သည့် ဒေးဗစ်ဆေးလ်ဗားကို သက်တမ်းတိုးခြင်းမပြုတော့ဘဲ ထွက်ခွာခွင့်ပေးခဲ့သော်လည်း အသင်းအတွက် စွမ်းဆောင်ပေးခဲ့မှုများအတွက် အီတီဟတ်ကွင်းအပြင်ဘက်တွင် ရုပ်တုထုလုပ်၍ ဂုဏ်ပြုပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဒေးဗစ်ဆေးလ်ဗားရုပ်တုကို ၂၀၂၁ ခုနှစ်တွင် ထုလုပ်ထားရှိရန် စီစဉ်ထားခြင်းဖြစ်ပြီး အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီ၏ ရုပ်တုကိုလည်း ထုလုပ်ဂုဏ်ပြုသွားမည်ဟု မန်စီးတီးအသင်း၏ ဥက္ကဋ္ဌ အယ်လ်မူဘာရက်က အတည်ပြုပြောကြားခဲ့သည်။









