တစ်ပါတီတည်း အနိုင်ရမှ အခြေခံဥပဒေ ပြင်နိုင်မည်ဆိုခြင်းသည် ပြည်သူကို ဂျင်းထည့်ခြင်းဖြစ်ပြီး လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်ပင် ၇၅ ရာခိုင်နှုန်းမပြည့်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ပြောကြား

တစ်ပါတီတည်း အနိုင်ရမှ အခြေခံဥပဒေ ပြင်နိုင်မည်ဆိုခြင်းသည် ပြည်သူကို ဂျင်းထည့်ခြင်းဖြစ်ပြီး လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်ပင် ၇၅ ရာခိုင်နှုန်းမပြည့်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ပြောကြား
သြဂုတ် ၁၆ ရက်က ပြည်သူ့ပါတီ၏ ကမာရွတ်မြို့နယ် ရုံးခန်းဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ်
သြဂုတ် ၁၆ ရက်က ပြည်သူ့ပါတီ၏ ကမာရွတ်မြို့နယ် ရုံးခန်းဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ်
Published 17 August 2020
ဉာဏ်လင်းထွန်း

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် တစ်ပါတီတည်း အပြတ်အသတ် အနိုင်ရရန် လိုအပ်ကြောင်း ပြောဆိုခြင်းသည် ပြည်သူကို ဂျင်းထည့်ခြင်းဖြစ်ပြီး လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်ပင် ၇၅ ရာခိုင်နှုန်းမပြည့်ဟု ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

သြဂုတ် ၁၆ ရက်က ပြည်သူ့ပါတီ၏ ကမာရွတ်မြို့နယ် ရုံးခန်းဖွင့်ပွဲ အခမ်းအနား၌ ပါတီရွေးကောက်ပွဲ အနိုင်ရလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးကို မည်သို့ ဆောင်ရွက်မည်နှင့် ပတ်သက်၍  The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် ဦးကိုကိုကြီး က ယင်းသို့ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

“ခြေ/ဥ ပြင်ရေးတော့ ကျွန်တော် ရှင်းရှင်းပဲပြောမယ်။ တစ်ပါတီတည်း အနိုင်ရမှ ဖွဲ့စည်းပုံပြင်နိုင်မယ် ဆိုတာ လူငယ်တွေ စကားနဲ့ပြောရင် ဂျင်းထည့်တာပဲ။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ခံ ကိုယ်စားလှယ်ကိုယ်၌က ၇၅ ရာခိုင်နှုန်း မပြည့်ဘူး”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

တပ်မတော်၏ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ပါဝင်မှု၊ သမ္မတ အရည်အချင်း သတ်မှတ်ချက် အပါအဝင် အခြေခံဥပဒေပါ အဓိကကျသည့် အချက်အချို့ကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၇၅ ရာခိုင်နှုန်းကျော် လိုအပ်ခြင်းကို ဦးကိုကိုကြီးအနေဖြင့် ဆိုလိုခြင်း ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ် ခုနစ်နေရာရှိပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် သေချာမှုမရှိ၍ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ပင် ၇၅ ရာခိုင်နှုန်းပြည့်ရန် အခက်အခဲရှိသည်ဟု ၎င်းက ဆိုသည်။

“ဖွဲ့စည်းပုံပြင်ဖို့ ပထမအဆင့်က ၇၅ ရာခိုင်နှုန်း ပြည့်ရမယ်။ ပြည့်ပြီဆိုတော့မှ ဟိုဘက်က စစ်တပ်ကိုယ်စားလှယ်က ထောက်ခံသလား၊ ကန့်ကွက်သလားဆိုတဲ့ အခန်းကဏ္ဍ ပါလာတာ။ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် တစ်ပါတီတည်း အနိုင်ရရေးနဲ့ လုံးဝ မပတ်သက်ဘူး” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးသည် လာမည့် ရွေးကောက်ပွဲ၌ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သလို ပါတီအနေဖြင့် မြို့နယ် ၇၀  ကျော်တွင် ကိုယ်စားလှယ်လောင်း ၁၅၂ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

နိုင်ငံရေးပါတီတစ်ခု အနေဖြင့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခြင်း ရှိ၊ မရှိကို ပြည်သူများ လေ့လာရန်လိုအပ်ပြီး အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည့် ပါတီကို မဲပေးမိလျှင် ဒေသအတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတည်းဖြင့်  မည်သည့်ကိစ္စမှ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က BBC မြန်မာပိုင်းသို့ ဇွန် ၄ ရက်က ပြောကြားထားသည်။

“အစိုးရဖွဲ့နိုင်တဲ့ အင်အားရှိတဲ့ပါတီကို မဲပေးမှသာ ဒီမိုကရေစီကို အခြေခိုင်အောင် လုပ်နိုင်မှာပေါ့နော်။ အဲဒီတော့ ပါတီကိုလည်း ကြည့်ဖို့လိုနေပါဦးမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက လွှတ်တော်တွင် အဆိုများ၊ မေးခွန်းများ တင်သွင်းခြင်းမရှိဘဲ ပါတီမှ တင်သွင်းသည့် အဆို၊ မေးခွန်းများကို မဲခွဲပေးရုံသက်သက် ရှိနေသည့် ကိုယ်စားလှယ်လောင်းများထက် နိုင်ငံရေးဖြတ်သန်းမှု အားကောင်းပြီး အရည်အချင်းရှိသည့် ကိုယ်စားလှယ်လောင်းများကို လွှတ်တော်သို့ ပို့ဆောင်ပေးရန် တိုက်တွန်းသည်။

“ပါတီဆိုင်းဘုတ် မတူသော်လည်း နိုင်ငံရေးဖြတ်သန်းမှု၊ ယုံကြည်ချက် ရပ်တည်ချက်တူတဲ့ ပုဂ္ဂိုလ်များ လွှတ်တော်ထဲ ရောက်သွားရင် အရေးကြီးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ဘာမှသဘောထား ကွဲလွဲစရာမရှိဘူး” ဟု ၎င်းက ပြောကြားသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်NLD ပါတီမှ ပယ်ချခံရပြီးနောက် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များဖြင့် ပြည်သူ့ပါတီကို ဦးဆောင် တည်ထောင်ကာ ရွေးကောက်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

Most Read

Most Recent