ယခုနှစ်မိုးရာသီ မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ပုံမှန်မိုးစပါးစိုက်ပျိုးရေပေးဝေခြင်းအပြင် ယခင်က မိုးစပါးစိုက်ပျိုးရေပေးဝေရန် မလိုအပ်သည့် မိုးကောင်းသောက်ဒေသများ၌လည်း ဖြည့်စွက်ရေ ပေးနေရသည့်အခြေအနေ ကြုံတွေ့နေရ

ယခုနှစ်မိုးရာသီ မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ပုံမှန်မိုးစပါးစိုက်ပျိုးရေပေးဝေခြင်းအပြင် ယခင်က မိုးစပါးစိုက်ပျိုးရေပေးဝေရန် မလိုအပ်သည့် မိုးကောင်းသောက်ဒေသများ၌လည်း ဖြည့်စွက်ရေ ပေးနေရသည့်အခြေအနေ ကြုံတွေ့နေရ
ဇီးတောဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)
ဇီးတောဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)
Published 16 August 2020
     နီလာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံအများစုတွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီအတွင်း စီးဝင်ရေပမာဏမှာ ယခင်နှစ်များ၏ကာလတူ ပမာဏအောက် နည်းပါးလျက်ရှိသည့်အတွက် သိုလှောင်ရေပမာဏမှာလည်း လျော့နည်းကျဆင်းလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ပုံမှန်မိုးစပါးစိုက်ပျိုးရေပေးဝေခြင်းအပြင် ယခင် မိုးစပါးစိုက်ပျိုးရေပေး ဝေရန်မလိုအပ်သည့် မိုးကောင်းသောက် ဒေသများတွင်လည်း ဖြည့်စွက်ရေများ ပေးဝေနေရသည့်အ ခြေအနေ ကြုံတွေ့နေရကြောင်း သိရသည်။

သို့ဖြစ်ရာ ယခုနှစ် လျာထားမိုးစပါးစိုက်ဧကများ ပြည့်မီစွာ ရေပေးဝေနိုင်ရန်နှင့် လာမည့်နွေစပါး ရာသီတွင်လည်းဆည်အတွင်း ကျန်ရှိသိုလှောင်ရေဖြင့် နွေစပါးနှင့်အခြားသီးနှံများ ယခင်နှစ် လျာထားပမာဏများအတိုင်း ပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်ရန်၊ သောက်သုံးရေလုံလောက်စွာ ပေးဝေနိုင်ရန်အတွက် ဆည်ရေကို စနစ်တကျ ချွေတာသုံးစွဲလျက်ရှိရာ တောင်သူလယ်သမားများနှင့် ပြည်သူများကလည်း ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နှိုးဆော်ထားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်စပါး ဧက ၁၇ ဒသမ ၈ သန်းခန့်စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တစ်နှစ်လျှင် စပါးတန်ချိန် ၂၇ သန်းဝန်းကျင်ရှိကာ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်သည် ငါးနှစ်အတွင်း တန်ချိန် ၂၇ ဒသမ ၅ သန်းကျော်ဖြင့် အများဆုံးထွက်ရှိသည့်နှစ်ဖြစ်ကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံအတွင်း စပါးတန်ချိန် ၂၆ သန်း စိုက်ပျိုးထုတ်လုပ်ထားပြီး ပြည်တွင်းစားသုံးမှု လိုအပ်ချက်မှာ တစ်နှစ်လုံးအတွက် စပါးတန်ချိန် ၁၅ သန်းကျော်သာဖြစ်သည်။ ထို့ပြင် ပြည်သူများ နေ့စဉ်စားသုံးနေသည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူး စသည့်စားဖိုဆောင် သီးနှံများ ထုတ်လုပ်ထွက်ရှိမှုအနေဖြင့်လည်း ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ရုံသာမက ပိုလျှံသည့် အခြေအနေ၌ရှိကြောင်း သိရသည်။

သီးနှံထုတ်လုပ်မှုစွမ်းအားတိုး တက်စေရန်အတွက် တောင်သူများအနေဖြင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးနည်းပညာများ ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေဦးစီးဌာန၊ ကျေးရွာအခြေစိုက် နည်းပညာပေးစင်တာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ ဌာနပိုင် မျိုးစေ့ထုတ်ခြံများသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန Call Center Hot Line ဖုန်းနံ ပါတ်- ၀၁၂၃၉၉၅၅၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

                    

Most Read

Most Recent