မန်စီးတီးကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ဒုတိယအကြိမ်တက်လှမ်းနိုင်ခဲ့တဲ့ လိုင်ယွန်

မန်စီးတီးကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ဒုတိယအကြိမ်တက်လှမ်းနိုင်ခဲ့တဲ့ လိုင်ယွန်
Photos: AFP
Photos: AFP
Published 16 August 2020

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေရဲ့ နောက်ထပ်အ့ံအားသင့်စရာရလဒ်တစ်ခုကို ပရိသတ်တွေထပ်မြင်ခဲ့ရတာပါပဲ။

မန်စီးတီးဟာ ချန်ပီယံဆုအတွက် ရေပန်းစားတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပြီး လိုင်ယွန်အသင်းကတော့ ကွာတားဖိုင်နယ်တက်လာတာကပဲ အံ့အားသင့်စရာကောင်းနေတဲ့ အခြေအနေပါ။ ဒါပေမဲ့အဆုံးသတ်ရလဒ်ပိုင်းမှာတော့ လိုင်ယွန်အသင်းက မန်စီးတီးအသင်းကို (၃-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး

အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို ဒုတိယအကြိမ်မြောက်တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းက ကစားသမားစုဖွဲ့မှုမှာ သာလွန်တယ်။ ဘောလုံးပိုင်ဆိုင်မှုအသာစီးယူနိုင်ခဲ့တယ်။ အခွင့်အရေးတွေလည်းပိုရခဲ့တယ်။ ဒါပေမဲ့ ဘောလုံးမှာ နိုင်ပွဲတစ်ပွဲရဖို့ ဒီအချက်တွေကချည်း အဓိကမကျဘူးဆိုတာကို လိုင်ယွန်အသင်းက သက်သေပြသွားခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ ပွဲထွက်လူစာရင်းထွက်ပေါ်လာကတည်းက မေးခွန်းထုတ်စရာတွေရှိခဲ့ပြီး နည်းပြဂွါဒီယိုလာဟာ ဖိအားကင်းကင်းနဲ့ ကစားရမယ့်ပွဲကို ဖိအားတွေရောက်အောင် တမင်တွန်းပို့ခဲ့သလိုပါပဲ။ ဖာနန်ဒင်ဟို၊ အဲရစ်ဂါစီယာ၊ လာပေါ့တို့ရဲ့ (၃)ယောက်တွဲခံစစ်က ဒီနေ့ပွဲမှာ အလုပ်မဖြစ်ခဲ့သလို ဂိုးသမား အီဒါဆန်နဲ့ ချိတ်ဆက်မှုအပိုင်းတွေမှာလည်း အားနည်းချက်တွေရှိခဲ့ပါတယ်။

ကန်ဆယ်လိုနဲ့ ဝေါ်လ်ကာတို့ရဲ့ တောင်ပံနှစ်ဖက်ကလည်း လျင်မြန်မှုနဲ့ ကြံ့ခိုင်မှုရှိပေမယ့် တိုက်စစ်ကိုအခွင့်အရေးဖန်တီးပေးနိုင်မှုမှာတော့ အားနည်းချက်များခဲ့တာက မန်စီးတီးရဲ့ တိုက်စစ်လမ်းကြောင်းတွေကို အခက်တွေ့စေခဲ့ပါတယ်။

လိုင်ယွန်အသင်းကတော့ ခံစစ်ကိုအဓိကပြင်ဆင်လာခဲ့ပြီး သူတို့ရဲ့ လျင်မြန်ထိရောက်တဲ့ တန်ပြန်တိုက်စစ်တွေကိုပဲ အသုံးချဖို့စီစဉ်ခဲ့တာပါ။

ပွဲစကတည်းက နှစ်သင်းစလုံးလျင်လျင်မြန်မြန်နဲ့ အပြန်အလှန်ထိုးဖောက်မှုတွေလုပ်ခဲ့လို့ ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။ မန်စီးတီးအသင်း ဂိုးစောစောရဖို့အားစိုက်ခဲ့ပေမယ့် တကယ်တမ်းအဖွင့်ဂိုးရသွားတာကတော့ လိုင်ယွန်အသင်းပါပဲ။

ပွဲချိန် (၂၄)မိနစ်မှာ မန်စီးတီးခံစစ်က ရှင်းထုတ်မှုကနေ လျှံထွက်လာတဲ့ဘောလုံးကို အလိုက်သင့်ပြေးလာတဲ့ လိုင်ယွန်တောင်ပံကစားသမား ကော်နက်က လှလှပပကန်သွင်းယူသွားခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက်မှာ မန်စီးတီးအသင်း ချေပဂိုးရဖို့ ပိုမိုဖိအားပေးကစားလာခဲ့ပြီး လိုင်ယွန်အသင်းကတော့ ခံစစ်ပိုင်းကို အဓိကအားပြုကာ မန်စီးတီးရဲ့ တိုက်စစ်တွေကို အကောင်းဆုံးဟန့်တားသွားခဲ့ပါတယ်။

လိုင်ယွန်ဂိုးသမား အန်သိုနီလိုပက်စ်ရဲ့ လက်စွမ်းပြမှုတွေကလည်း မန်စီးတီးအသင်းရဲ့ချေပဂိုးမျှော်လင့်ချက်တွေကို ခက်ခဲစေခဲ့ပြီး ပထမပိုင်းမှာတော့ (၀-၁)ဂိုးရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ချေပဂိုးရဖို့ ကြိုးစားမယ့်အသင်းနဲ့ ဂိုးမပေးရဖို့ အားထုတ်မယ့်အသင်းတို့ရဲ့ အားပြိုင်မှုဟာ ပွဲရဲ့အရှိန်ကိုမြှင့်ပေးခဲ့ပြီး ပွဲချိန်ကြာလာတာနဲ့အမျှ အကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။

ဖာနန်ဒင်ဟိုနေရာ မာရက်ဇ်ဝင်လာပြီးချိန်မှာ မန်စီးတီးရဲ့ တိုက်စစ်ကစားပုံကပိုသွက်လာခဲ့ပြီး အခွင့်အရေးတွေပိုရလာခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းကိုဦးဆောင်နေတဲ့ စတာလင်နဲ့ ဂျေးဇူးတို့ (၂)ဦးအကြား နားလည်မှုလိုအပ်နေသလို၊ ရရှိတဲ့အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ခဲ့လို့ ပွဲချိန်

ကြာလာတာနဲ့အမျှ မန်စီးတီးအသင်း ဖိအားပိုလာခဲ့ပါတယ်။

ပွဲချိန် (၆၉)မိနစ်မှာတော့ မန်စီးတီးအသင်း ချေပဂိုးရသွားခဲ့ပြီး စတာလင်ရဲ့အကွက်မြင်တဲ့ပေးပို့မှုကနေ ဒီဘရိုင်းနားက ပြေးကန်သွင်းယူခဲ့တာပါ။ ချေပဂိုးရသွားခဲ့ပြီးချိန်မှာ မန်စီးတီးအသင်း အနိုင်ရလဒ်အတွက် အားသာပြီးလို့ ထင်စရာရှိခဲ့ပေမယ့် လိုင်ယွန်အသင်းရဲ့ မထင်မှတ်တဲ့တုံ့ပြန်မှုတွေနဲ့ ခံစစ်ပိုင်းမာကျောမှုက ပွဲကိုပိုပြီးအကြိတ်အနယ်ရှိလာစေခဲ့ပါတယ်။

ချေပဂိုးရပြီးချိန်မှာ မန်စီးတီးအသင်းအခွင့်အရေးတချို့ရခဲ့ပေမယ့် တိုက်စစ်မှူးဂျေးဇူး အသုံးမချနိုင်ခဲ့တာကလည်း မန်စီးတီးအသင်းအတွက် နစ်နာစေခဲ့ပါတယ်။

ပွဲချိန် (၇၉)မိနစ်မှာတော့ လိုင်ယွန်အသင်းဦးဆောင်ဂိုးထပ်ရခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ရရှိလာတဲ့အခွင့်အရေးကို လူစားဝင်ကစားသမား မူဆာဒမ်ဘီလီက ပါးပါးနပ်နပ်ရယူကာ ဂိုးသမားအီဒါဆန်နဲ့ တစ်ဦးချင်းအတွေ့မှာ အမှားအယွင်းမရှိကန်သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကပဲ ပွဲရဲ့အလှည့်အပြောင်းဖြစ်စေခဲ့ပြီး အရှိန်ရနေတဲ့မန်စီးတီးအသင်းကို ဖိအားအောက်ပြန်ပို့ပေးခဲ့ပါတယ်။

ပွဲပြီးဖို့နီးကပ်လာတာနဲ့အမျှ မန်စီးတီးအသင်းဖိအားပိုများလာခဲ့သလို စတာလင်သေချာပေါက်ဂိုးဝင်ရမယ့် အပိုင်အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကလည်း တကယ်ကိုစိတ်ပျက်စရာပါပဲ။

မန်စီးတီးအသင်းချေပဂိုးအတွက် ဖိအားပေးကစားနေရင်းနဲ့ပဲ နောက်ထပ်ဦးဆောင်ဂိုးရသွားတာက လိုင်ယွန်အသင်းပါ။ ပွဲချိန် (၈၇)မိနစ်မှာ အီဒါဆန်ရဲ့ မသေသပ်တဲ့ကာကွယ်မှုကနေ ပြန်ထွက်လာတဲ့ဘောလုံးကို မူဆာဒမ်ဘီလီကပဲ အသာအယာပိတ်သွင်းယူပြီး လိုင်ယွန်အသင်းအတွက် ဆီမီးဖိုင်နယ်သေချာစေမယ့်

တတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ မူဆာဒမ်ဘီလီဟာ မန်စီးတီးနဲ့တွေ့ဆုံကစားခဲ့တဲ့ ချန်ပီယံလိဂ် (၃)ပွဲမှာ (၄)ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ကျန်မိနစ်မှာတော့ မန်စီးတီးအသင်းဂိုးပြန်ရဖို့ကြိုးစားခဲ့ပေမယ့် နောက်ကျသွားခဲ့ပြီဖြစ်သလို၊ လိုင်ယွန်အသင်းက အနိုင်ရလဒ်ကို အကောင်းဆုံးထိန်းကစားသွားခဲ့လို့ ပွဲအပြီးမှာတော့ (၃-၁)ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာချီးကျူးရမှာက မန်စီးတီးရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုကို စနစ်တကျဖြတ်တောက်နိုင်ခဲ့တဲ့ လိုင်ယွန်နည်းပြ ရူဒီဂါစီယာရဲ့ နည်းဗျူဟာဖြစ်ပြီး ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဂျူဗင်တပ်စ်၊ ကွာတားဖိုင်နယ်မှာ မန်စီးတီးတို့ကို ကျော်ဖြတ်ကာ ထိုက်ထိုက်တန်တန်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

Most Read

Most Recent