၂၀၁၉-၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ ဂျာမန်လူမျိုးနည်းပြ (၃)ဦးတက်ရောက်နိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် (၃)ပွဲယှဉ်ပြိုင်ပြီးချိန်တွင် ဂျာမန်လူမျိုးနည်းပြများဖြစ်သည့် ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ် (၅၅ နှစ်)၊ PSG အသင်းနည်းပြ တူဟယ်လ် (၄၆ နှစ်)နှင့် လိုက်ပ်ဇစ်အသင်းနည်းပြ နာဂယ်စမန်း (၃၃ နှစ်)တို့ မှာ သက်ဆိုင်ရာကလပ်အသင်းများနှင့်အတူ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် ဂျာမန်လူမျိုးနည်းပြများမှာ ချန်ပီယံဆုကို (၈)ကြိမ်ရယူထားနိုင်ပြီး အီတလီ (၁၁ ကြိမ်)နှင့် စပိန် (၁၀ ကြိမ်)တို့နောက်တတိယအအောင်မြင်ဆုံးဖြစ်နေသည်။ ဂျာမန်လူမျိုးနည်းပြများထဲတွင် ချန်ပီယံလိဂ်ချန်ပီယံဆုအား နောက်ဆုံးရယူထားနိုင်သူမှာ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ဖြစ်ပြီး ပြီးခဲ့သည့်၂၀၁၈-၁၉ ရာသီတွင် ဗိုလ်စွဲထားခြင်းဖြစ်သည်။
ထို့ကြောင့် ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂျာမန်လူမျိုးနည်းပြတစ်ဦးဦးဗိုလ်စွဲခဲ့ပါက ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် တတိယအကြိမ်မြောက် ဂျာမန်လူမျိုးနည်းပြများ (၂)ကြိမ်ဆက်ဗိုလ်စွဲနိုင်ခြင်းအဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။

ယခုရာသီချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် လိုက်ပ်ဇစ် နှင့် PSG အသင်းတို့ထိပ်တိုက်တွေ့ဆုံနေပြီး၊ ဘိုင်ယန်မြူးနစ်အသင်းမှာ မန်စီးတီး - လိုင်ယွန် ကွာတားဖိုင်နယ်ပွဲစဉ်မှ အနိုင်ရသည့်အသင်းနှင့် တွေ့ဆုံမည်ဖြစ်ရာ ဂျာမန်လူမျိုးနည်းပြ (၂)ဦး ချန်ပီယံဆုလုရမည့် ဗိုလ်လုပွဲလည်းဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။









