လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများ သြဂုတ် ၁၄ ရက်က တွေ့ဆုံစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများ သြဂုတ် ၁၄ ရက်က တွေ့ဆုံစဉ်
Published 15 August 2020

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ သြဂုတ် ၁၄ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များတွေ့ဆုံပွဲတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံရေးပါတီ ၃၄ ပါတီဘက်မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ခေါင်းဆောင်များက နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်  ရွေးကောက်ပွဲဆိုင်ရာများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အမြင်များ၊ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တပ်မတော်မှ ဆောင်ရွက်ပေးစေလိုသော အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်ဟု တပ်မတော်၏ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံရေးပါတီများ၏ ဆွေးနွေးမှုများနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဆွေးနွေးမှုတွင် တိုင်းပြည်ကို ကောင်းစေလိုသည့် စိတ်ဆန္ဒများဖြင့်သာ ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံရေး၌ ပြောသည့်အတိုင်းလုပ်ရန်နှင့် လုပ်သည့်အတိုင်းပြောရန် လိုအပ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ပြည်သူ့ကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက်ခြင်းသည် အလွန်အရေးကြီးပြီး ကိုယ်စားလှယ်လောင်းများသာမက ကိုယ်စားလှယ်ကောင်းများကို ရွေးချယ်တင်မြှောက်ကြရမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးကြရန်လိုကြောင်း၊ မဲမပေးပါက ရွေးချယ်ခံရသင့်သည့် ကိုယ်စားလှယ်လောင်းများ မဲမရသည်သာဖြစ်မည်ဖြစ်ပြီး မဲပေးသင့်သူကို ဆန္ဒမဲပေးကြစေရေး စည်းရုံးကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အမျိုးသားနိုင်ငံရေး လုပ်ဆောင်လျက်ရှိသည့် မည့်သည့်အဖွဲ့အစည်းများနှင့်မဆို  ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ပြည်သူ့ကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက်ခြင်းသည် အလွန်အရေကြီးပြီး ကိုယ်စားလှယ်လောင်းများသာမက ကိုယ်စားလှယ်ကောင်းများကို ရွေးချယ်တင်မြှောက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ နိုင်ငံနှင့် ဒေသကို လက်တွေ့အကျိုးပြုမည့်သူ၊ တရားဥပဒေ စိုးမိုးရေးအမြင်ရှိပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်သူ၊ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုး၊ ဘာသာသာသနာကို နည်းမှန်၊ လမ်းမှန်ဖြင့် စနစ်တကျထိန်းသိမ်းနိုင်သူနှင့် ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်းမခံရသူ စသည့် အချက်ခြောက်ချက်နှင့် ပြည့်စုံသူတို့ကို မှန်မှန်ကန်ကန် ရွေးချယ်ကြစေလိုကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။ 

ထို့အတူ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်နေပြီး နိုင်ငံရေးပါတီများသည် နိုင်ငံရေးကို ဆောင်ရွက်ကြသဖြင့် သဘောသဘာဝ ကွဲပြားမှုရှိသည်ဖြစ်သော်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရေးအတွက် တူညီသည့် သဘောထားအမြင်များဖြင့် ဆောင်ရွက်နေကြခြင်းပင်ဖြစ်ကြောင်းနှင့် နိုင်ငံရေးနှင့်ပတ်သက်ပါက တိုင်းပြည်ကို ကောင်းစေလိုသည့်စိတ်ဖြင့် တတ်နိုင်သရွေ့ စိတ်ရှည်သည်းခံပြီး ဆောင်ရွက်ကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

ထို့ပြင် ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရလျှင် ဒီမိုကရေစီဟူသည် အများ၏ ဆန္ဒနှင့်အညီ ရွေးချယ်ခြင်းဖြစ်ပြီး ဖက်ဒရယ်စနစ်သည် မျှဝေခံစားခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများစွာရှိပြီး မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေ၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ ရွေးချယ်ကျင့်သုံးကြသည့်အတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် အုပ်ချုပ်မှုစနစ်မျိုးကိုသာ ကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အတိတ်ကို ပြန်လည်၍ ငြင်းခုံနေ၍မရဘဲ အတိတ်ကဖြစ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာရယူပြီး လက်ရှိပစ္စုပ္ပန်ကို ကောင်းအောင် ၀ိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

စည်းကမ်းပြည့်ဝသည့် အုပ်ချုပ်မှုစနစ်ကို သွားနိုင်ရန်အတွက်လည်း အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ ပညာရေးကို မြှင့်တင်နိုင်မှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်၍ စက်မှုစီးပွားရေးကို ချက်ချင်းဆောင်ရွက်၍ မရဘဲ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုလုပ်ငန်းများကို ဦးစွာဆောင်ရွက်၍ အဆင့်ဆင့်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မြို့ပြကျေးလက်ကွာဟမှု၊ ပြည်နယ်နှင့် တိုင်း ကွာဟမှုများကို အနည်းဆုံးဖြစ်အောင် နိုင်ငံရေးပါတီများက ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent