စီးရီးအေကလပ် အင်တာမီလန်အသင်းသည် ချယ်လ်ဆီးအသင်း၏ ပြင်သစ်ကွင်းလယ်လူကွန်တေ (၂၉ နှစ်)အားခေါ်ယူရန် မျက်စိကျနေကြောင်း အီတလီအားကစားသတင်းစာ La Gazzetta dello sport ကဖော်ပြခဲ့သည်။
အင်တာမီလန်အသင်းသည် အသင်း၏ကွင်းလယ်ပိုင်းကိုအားဖြည့်ရန်အတွက် ကွန်တေကဲ့သို့ ထိပ်တန်းကစားသမားတစ်ဦးကို ခေါ်ယူရန်အလိုရှိနေခြင်းဖြစ်ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ကြိုးပမ်းသွားဖွယ်ရှိနေကြောင်းသိရသည်။
ကွန်တေသည် လက်ရှိတွင် ချယ်လ်ဆီးအသင်းနှင့် အနာဂတ်မတည်မငြိမ်ဖြစ်နေသူဖြစ်ပြီး ၄င်းအားခေါ်ယူရန်အတွက် အင်တာမီလန်အသင်းအပြင် စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်နှင့် ပြင်သစ်ထိပ်သီးကလပ် PSG အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း မီဒီယာများကဖော်ပြခဲ့ကြသည်။
အင်တာမီလန်အသင်း၏နည်းပြဖြစ်သူ ကွန်တီသည် ချယ်လ်ဆီးအသင်းအား ကိုင်တွယ်ခဲ့စဉ်က ကွန်တေနှင့် လက်တွဲခဲ့ဖူးသူဖြစ်ပြီး ကွန်တေမှာ ၄င်း၏လက်အောက်တွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် FA ဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့သည်။
အင်တာမီလန်အသင်းသည် လာမည့်ရာသီတွင် စီးရီးအေချန်ပီယံဆုကို ပြန်လည်ရယူနိုင်ရန်အတွက် အသင်းအား အင်အားဖြည့်တင်းမှုများပြုလုပ်သွားဖွယ်ရှိနေပြီး နည်းပြကွန်တီအနေဖြင့် တပည့်ဟောင်းဖြစ်သူ ကွန်တေအား အလိုရှိနေခြင်းလည်းဖြစ်သည်။
ချယ်လ်ဆီးအသင်းအနေဖြင့်လည်း အသင်း၏အနာဂတ်အား လူငယ်ကစားသမားဖြင့်တည်ဆောက်သွားရန် ရည်ရွယ်နေရာ ကွန်တေအား ထိုက်သင့်သည့် ကမ်းလှမ်းမှုရှိပါက လက်ခံဆွေးနွေးသွားဖွယ်ရှိနေကြောင်းသိရသည်။ ကွန်တေသည် ချယ်လ်ဆီးအသင်းနှင့် အစပိုင်းကာလများတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သော်လည်း
ပြီးခဲ့သည့် နောက်ဆုံး (၂)ရာသီဆက်တိုက် ကစားကွက်အပြောင်းအလဲများတွင် ရုန်းကန်ရမှုများရှိနေသည့်အတွက် အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း မကြာခဏသတင်းများထွက်ပေါ်ခဲ့သူဖြစ်သည်။
ကွန်တေသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်းက လက်စတာအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင် (၃၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၇၀)ပွဲကစားကာ (၁၁)ဂိုးသွင်းယူပေးနိုင်ခဲ့သည်။









