ယူအက်စ်အိုးပင်းပြိုင်ပွဲမှ လက်ရှိချန်ပီယံ အန်ဒရီယက်စကူး နုတ်ထွက်ပြီး ကမ္ဘာ့အဆင့် (၁) ဂျိုကိုဗစ် ပါဝင်ယှဉ်ပြိုင်မည်

ယူအက်စ်အိုးပင်းပြိုင်ပွဲမှ လက်ရှိချန်ပီယံ အန်ဒရီယက်စကူး နုတ်ထွက်ပြီး ကမ္ဘာ့အဆင့် (၁) ဂျိုကိုဗစ် ပါဝင်ယှဉ်ပြိုင်မည်
Photos: Getty Images,AFP
Photos: Getty Images,AFP
Published 15 August 2020

ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ် ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ကနေဒါနိုင်ငံသူ ဘီယန်ကာအန်ဒရီယက်စကူးက ယခုနှစ်ပြိုင်ပွဲ တွင် ချန်ပီယံဆု ကာကွယ်နိုင်တော့မည်မဟုတ်ကြောင်း အတည်ပြုပြောကြားသည်။

ယူအက်စ်အိုးပင်းပြိုင်ပွဲကို သြဂုတ် (၃၁) ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပမည်ဖြစ်ပြီး အန်ဒရီယက်စကူးမှာ အမျိုးသမီးကမ္ဘာ့အဆင့် ထိပ်ဆုံး (၁၀) ဦး အနက် လေးဦးမြောက် နုတ်ထွက်သူဖြစ်လာ သည်။ အန်ဒရီယက်စကူးသည် ဒူးဒဏ်ရာ ကြောင့် ပြီးခဲ့သည့်အောက်တိုဘာကတည်းက ပြိုင်ပွဲများနှင့်ဝေးကွာနေသူဖြစ်သလို ကိုရိုနာ ဗိုင်းရပ်စ်အန္တရာယ်စိုးရိမ်သဖြင့် ယူအက်စ် အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။  

''ဒီနှစ်မှာ နယူးယောက်ကိုပြန်မလာဖြစ်မယ့် ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာပါ။ အဲဒီအစား ပွဲကစားဖို့ ကြံ့ခိုင်မှုပြည့်၀ အောင် အာရုံစိုက်သွားပါမယ်။ ပြန်လာတဲ့ အချိန်မှာ အမြင့်ဆုံးပုံစံအတွက် အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်ထားမှာပါ'' ဟု ၎င်းက ပြောကြားသည်။

အသက် (၂၀) သာရှိသေးသည့် အန်ဒရီ ယက်စကူးသည် ပြီးခဲ့သည့်နှစ် ဗိုလ်လုပွဲတွင် ဆရီနာဝီလျံကိုအနိုင်ယူကာ ကစားသမား ဘ၀ ပထမဆုံး ဂရင်းစလင်းချန်ပီယံဆုရရှိခဲ့ ခြင်းဖြစ်သည်။ ယခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ချန်ပီယံ အန်ဒရီယက်စကူးအပြင် အမျိုးသမီးကမ္ဘာ့အဆင့် (၁) ဘာတီ၊ အဆင့် (၅) ဆဗီတိုလီနာနှင့် အဆင့် (၇) ကီကီဘာတန် တို့ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဘဲ အဆင့် (၂) ဟာလပ်လည်း ယှဉ်ပြိုင်ရန် မသေချာသေး ကြောင်း သိရသည်။

အမျိုးသားပြိုင်ပွဲတွင်လည်း လက်ရှိချန်ပီယံ စပိန်ကစားသမား ရာဖေးလ်နဒါးလ်က ယှဉ်ပြိုင်မည်မဟုတ် ကြောင်း အတည်ပြုထားပြီး ကမ္ဘာ့အဆင့် (၁) ဆားဘီးယားကစားသမား ဂျိုကိုဗစ်ကမူ ပါဝင်ယှဉ်ပြိုင်မည်ဟု ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။ ဂျိုကိုဗစ်သည် အစောပိုင်း က ယူအက်စ်အိုးပင်းပြိုင်ပွဲ၏ တင်းကျပ်သည့် စည်းမျဉ်းများကို ဝေဖန်ခဲ့သော်လည်း ဆုံးဖြတ်ချက်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent