ထိုင်းနိုင်ငံ၌ကျင်းပမည့် WLC-12 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ တွဲဆိုင်းအားလုံး မြန်မာလက်ခမောင်း ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာကစားသမား (၃)ဦး ပြည်ပလက်ဝှေ့သမားများနှင့် ထိုးသတ်ရမည်

ထိုင်းနိုင်ငံ၌ကျင်းပမည့် WLC-12 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ တွဲဆိုင်းအားလုံး မြန်မာလက်ခမောင်း ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာကစားသမား (၃)ဦး ပြည်ပလက်ဝှေ့သမားများနှင့် ထိုးသတ်ရမည်
Photo: WLC
Photo: WLC
Published 15 August 2020

မြန်မာလက်ခမောင်းကုမ္ပဏီသည် သြဂုတ် (၂၈) ရက်နေ့တွင် ကျင်းပမည့် WLC-12 ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ၌ ပါဝင်မည့် တွဲဆိုင်းအားလုံးကို သြဂုတ် (၁၄) ရက်တွင် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်း(၇)ပွဲပါဝင် မည်ဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက Main Event နှင့် Co-Main Event (၂)ပွဲကိုသာ ထုတ်ပြန်ထားသောကြောင့် ကျန်ရှိသည့် တွဲဆိုင်း (၅)ပွဲ ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် မြန်မာ နိုင်ငံတွင် ပြည်ဝင်ခွင့်မပေးသေးသလို လေ ကြောင်းလိုင်းများလည်း ပြေးဆွဲခြင်းမရှိသေး သဖြင့် တွဲဆိုင်းအားလုံးကို ထိုင်းနိုင်ငံ၌သာ ကျင်းပမည်ဖြစ်သည်။ ''တွဲဆိုင်းအားလုံးကို ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် မြန်မာ နိုင်ငံမှာကျင်းပဖို့ မဖြစ်နိုင်သေးပါဘူး။ အခြေ အနေတွေအပေါ်မူတည်ပြီး ထိုင်းနိုင်ငံမှာပဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ WLC-12 မှာ မြန်မာကစားသမား (၃)ဦး ပါဝင်ပေမဲ့ (၃)ဦးစလုံးက ထိုင်းနိုင်ငံအခြေစိုက် ကစားသမားတွေဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပတာ ကိုလည်း ထိုင်းနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ အဖွဲ့တွေကပဲ တာဝန်ယူကျင်းပသွားမှာဖြစ်ပါ တယ်။ မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်တွေက တော့ ရုပ်သံလိုင်းကပဲ ကြည့်ရှုရမှာပါ'' ဟု မြန်မာလက်ခမောင်းကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

WLC-12 ပြိုင်ပွဲတွင် Main Event အဖြစ် အမျိုးသမီးဘင်တန်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲကျင်းပမည်ဖြစ်ပြီး ပြင်သစ်နိုင်ငံ သူ မန်ဖရက်ဒီနှင့် စပိန်နိုင်ငံသူ မိုင်ရှာကက်ဇ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ Co-Main Event အဖြစ် မြန်မာလက်ဝှေ့သမား စိုးမင်း အောင်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံသား အာသာတီ၊ အခြားတွဲဆိုင်းများအဖြစ် စောဖိုးခွား (မြန်မာ) နှင့် အန်နန် (အယ်လ်ဂျီးရီးယား)၊ ခရစ္စတော့ဖ်ကက်ရှ် (ဂျာမနီ) နှင့် ဂလီဂေါ စတိုယာနော့ဗ် (ဆွစ်ဇာလန်)၊ နာခါ (မြန်မာ) နှင့် ရှားဇော့ဒ်ကာဘူတော့ဗ် (ကာဂျစ္စတန်)၊ ဒူလာယက် (ဂျော်ဂျီယာ) နှင့် အိုမာမဟီရာ (ဘယ်လ်ဂျီယံ)၊ ချီနာမိုဟာမက် (ဥဇဘက် ကစ္စတန်) နှင့် ဆရန်ဘိုခူး (မွန်ဂိုလီးယား) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ယင်း ပြိုင်ပွဲကို  သြဂုတ် (၂၈) ရက် မြန်မာစံတော်ချိန် ညနေ (၆) နာရီခွဲမှစ၍ ထုတ်လွှင့်ပြသမည်ဖြစ် ပြီး မြန်မာနိုင်ငံရှိ လက်ဝှေ့ပရိသတ်များအနေ ဖြင့် Canal+ ရုပ်သံလိုင်း၊ ပြည်ပနိုင်ငံများမှ လက်ဝှေ့ပရိသတ်များအနေဖြင့် UFC Fight Pass ရုပ်သံလိုင်းတွင် ကြည့်ရှုနိုင်မည်ဖြစ် သည်။ စိုးမင်းအောင်သည် WLC ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ် ခြင်းဖြစ်သည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် ယခု နှစ်အတွင်း WLC ပြိုင်ပွဲ (၃)ပွဲ ထပ်မံကျင်းပ ရန် စီစဉ်ထားပြီး ကျန်ရှိသည့် ပြိုင်ပွဲ (၂)ပွဲကို ကိုရိုနာဗိုင်းရပ်စ်အခြေအနေအပေါ်မူတည် ၍ ကျင်းပသွားမည်ဖြစ်သည်။ WLC-13 ကို စက်တင်ဘာတွင် ကမ္ဘောဒီးယားနိုင်ငံ၊ WLC-14 ကို နိုဝင်ဘာတွင် မန္တလေးမြို့၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာ လက်ခမောင်းကုမ္ပဏီသည် ယခုနှစ်အတွင်း WLC ပြိုင်ပွဲတစ်ပွဲသာ ကျင်းပထားပြီး WLC-11 ကို ဇန်နဝါရီလကုန်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

Most Read

Most Recent