၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိကြောင်း အာမခံနိုင်ရန် ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းများအား ကန့်သတ်ပိတ်ပင်မှုများကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန် အရပ်ဘက်အဖွဲ့ ၄၄၃ ဖွဲ့ တောင်းဆို

၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိကြောင်း အာမခံနိုင်ရန် ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းများအား ကန့်သတ်ပိတ်ပင်မှုများကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန် အရပ်ဘက်အဖွဲ့ ၄၄၃ ဖွဲ့ တောင်းဆို
Published 14 August 2020

၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိကြောင်း အာမခံနိုင်ရန် ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းများအား ကန့်သတ်ပိတ်ပင်မှုများကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် အရပ်ဘက်အဖွဲ့ ၄၄၃ ဖွဲ့က တောင်းဆိုသည်။

ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် PACE (People’s Alliance for Credible Elections ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့) အား ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်ခွင့် ပိတ်ပင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်အပြီးတွင် ယင်းသို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပရာတွင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် စံနှုန်းများအရ လွတ်လပ်၍ အမှီအခိုကင်းပြီး ဘက်မလိုက်သော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များနှင့် စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်များမှာ အရေးကြီးကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး လုပ်ငန်း (စဉ်) များနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်များကို တားဆီးပိတ်ပင် ကန့်သတ်သော  မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ရပ်များသည် ၂၀၂၀ ရွေးကောက်ပွဲ၏ တရားဝင်မှုနှင့် လွတ်လပ်၍ တရားမျှတမှု အရည်အသွေးကို (တိုက်ရိုက်ထိခိုက်မှု ရှိလာနိုင်) မည် ဖြစ်ကြောင်း တောင်းဆိုချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွင် ကာလကြာရှည်စွာ တည်ဆောက်ထားခဲ့သော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး အင်စတီကျူးရှင်းတစ်ခုကို ဖျက်သိမ်းပစ်ရာရောက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ တရားဝင်မှုနှင့် ပွင့်လင်းမြင်သာမှု၊ ဖြောင့်မတ်မှန်ကန်မှု အရည်အသွေးများကိုလည်း ဆုတ်ယုတ်ကျဆင်းစေနိုင်သည်ဟု တောင်းဆိုချက်တွင် ဖော်ပြထားသည်။        

သင်းဖွဲ့မှတ်ပုံတင် စည်းမျဉ်းကို ကျိုးကြောင်းမဆီလျော်စွာ ကိုးကား၍ အရပ်ဘက်အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုကို တားဆီးပိတ်ပင်လာသည့်အတွက် နိုင်ငံရေးအသွင် ကူးပြောင်းမှုတွင် အရေးပါသော အရပ်ဘက်အဖွဲ့အစည်းများ၏ ဖြစ်တည်မှုကို ခြိမ်းခြောက်ဖျက်ဆီးရာရောက်သလို အရပ်ဘက် လူမှုနယ်ပယ်ကိုလည်း ဘောင်ကျဉ်းအောင် ပြုလုပ်ရာရောက်ရှိနေကြောင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်၏ အရည်အသွေးများ ဆုတ်ယုတ်ကျဆင်းလာမည်ဆိုပါက ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန် ကာလများတွင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားလာနိုင်သလို ရွေးကောက်ပွဲကြောင့် ပေါ်ထွက်လာမည့် နိုင်ငံရေးအသိုက်အမြုံ၏ တရားဝင်မှုမှာလည်း ချိနဲ့သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း မှတ်ကျောက်တင် အာမခံနိုင်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာများ၏ အခန်းကဏ္ဍအား အသိအမှတ်ပြုရန်နှင့် ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းများအား ကန့်သတ်ပိတ်ပင်ခြင်းမရှိဘဲ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုရန်မှာ ပဓာနဖြစ်ကြောင်း တောင်းဆိုချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အရပ်သားအစိုးရက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင်  တာဝန်ယူကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် အသွင်ပြောင်းအစိုးရက တာဝန်ယူကျင်းပခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ပိုမို၍ လွတ်လပ်တရားမျှတမှုရှိကြောင်း အခိုင်အမာ သက်သေပြနိုင်မှသာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ယုံကြည်စွာ မဲပေးကြမည်ဖြစ်သလို နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်စဉ်ကိုလည်း ပိုမို၍ ယုံကြည်လာနိုင်မည်ဖြစ်သည်ဟု တောင်းဆိုချက်တွင် ဖော်ပြထားသည်။

တောင်းဆိုချက်အား ထုတ်ပြန်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်း ၄၄၃ ဖွဲ့များတွင် ဒေသအချို့ရှိ ၈၈ ငြိမ်း/ ပွင့် အဖွဲ့များ၊ အလုပ်သမားလယ်သမားအရေး လှုပ်ရှားသည့်အဖွဲ့များ၊ လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့များ စသည့်အဖွဲ့အစည်းများဖြစ်သည်။

 PACE (People’s Alliance for Credible Elections ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့) သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် တစ်နိုင်ငံလုံးအဆင့် စောင့်ကြည့်ရေးလုပ်ငန်းစဉ်များကို လွတ်လပ်ပွင့်လင်းစွာဖြင့် ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း စောင့်ကြည့်လေ့လာသူပေါင်း ၂၉၀၀ ကျော်ဖြင့် တစ်နိုင်ငံလုံးအဆင့် စောင်ကြည့်ရန် ပြင်ဆင်ထားသည့် အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည်။