အက်သလက်တီကိုအသင်း၏ ဂိုးသမား အိုဘလက်ခ်က လိုက်ပ်ဇစ်နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲကို မိနစ်(၉၀)အတွက်သာမက ပယ်နယ်တီအဆုံးအဖြတ်အတွက်ပါ အသင့်ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။
အက်သလက်တီကိုအသင်းသည် ယနေ့ည မြန်မာစံတော်ချိန် (၁း၃၀)နာရီတွင် လိုက်ပ်ဇစ်အသင်းနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ AS နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးအစီအစဉ်တွင် အိုဘလက်ခ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
အိုဘလက်ခ်က ''တစ်ကျော့တည်း ကစားရမယ့်အခြေအနေက အားလုံးအတွက် အသစ်ဖြစ်သလို၊ ဘယ်သူမှလည်း အခွင့်အရေးပိုရမယ်လို့ မထင်ပါဘူး။ နှစ်ကျော့ကစားရရင် အိမ်ကွင်းမှာ အားသာချက်ယူတတ်တာက ကျွန်တော်တို့တွေရဲ့ အစဉ်အလာလိုတောင် ဖြစ်နေပါတယ်။ အခုကတော့ ပရိသတ်တွေ မပါဘဲ ကစားရမှာပါ။ ဒါကြောင့် မိနစ်(၉၀)အတွက်တင်မဟုတ်ဘဲ အချိန်ပိုအတွက်ရော ပယ်နယ်တီအဆုံးအဖြတ်အတွက်ပါ အသင့်ပြင်ဆင်ထားပါတယ်'' ဟု ဆိုခဲ့သည်။
ချယ်လ်ဆီးအသင်းနှင့် အပြောင်းအရွှေ့သတင်းအပေါ် မေးမြန်းမှုကိုမူ အိုဘလက်ခ်က ''အဲဒီအကြောင်း ပြောရမယ့်အချိန် မဟုတ်သေးပါဘူး။ ဒီရာသီ အဆုံးသတ်ဖို့ နောက်ထပ်(၃)ပွဲ ကစားရဦးမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ အဲဒါ ပြီးရင်တော့ အပြောင်းအရွှေ့အကြောင်း ပြောဖို့အချိန် ရောက်လာပါလိမ့်မယ်'' ဟု ပြောကြားခဲ့သည်။









