ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) သည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အကျပ်အတည်းများကို အခြေခံဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မည့်လမ်းကြောင်းတစ်ခုအား ဖော်ပြနိုင်တော့မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) သည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အကျပ်အတည်းများကို အခြေခံဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မည့်လမ်းကြောင်းတစ်ခုအား ဖော်ပြနိုင်တော့မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
သြဂုတ် ၁၃ ရက်က ပြုလုပ်သည့် JICM အစည်းအဝေးအား တွေ့ရစဉ်
သြဂုတ် ၁၃ ရက်က ပြုလုပ်သည့် JICM အစည်းအဝေးအား တွေ့ရစဉ်
Published 13 August 2020
 အောင်မင်းသိန်း

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) သည် မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အကျပ်အတည်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မည့် လမ်းကြောင်းတစ်ခုကို ဖော်ပြနိုင်တော့မည်ဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ် ၁၃ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ-၁ (MICC-1) တွင် ကျင်းပသည့် (၉) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM 1၌ အဖွင့်အမှာစကားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီကနေ့မှာတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းတွေကနေ ကွဲပြားခြားနားမှုတွေကြားက လမ်းစဉ်တစ်ခု၊ အသေးစိတ်အစီအစဉ်တစ်ရပ်ကို သဘောတူရှာဖွေနိုင်ခဲ့ကြပါပြီ။ အဲဒါကတော့ နှစ်ဖက်အလုပ်အဖွဲ့တွေကနေ တင်ပြလာခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ရဲ့ မူကြမ်းပဲဖြစ်ပါတယ်။ ဒီသဘောတူစာချုပ်ဟာ ကျွန်မတို့ ရင်ဆိုင်တွေ့ကြုံနေရတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အကျပ်အတည်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မယ့် လမ်းကြောင်းတစ်ခုကို ထင်ထင်ရှားရှား ဖော်ပြနိုင်တော့မှာဖြစ်ပါတယ်။ ဒီစာချုပ်ဟာ ပြီးပြည့်စုံတဲ့ စာချုပ်တစ်ရပ် ဖြစ်ပြီလားဆိုရင်တော့ မပြည့်စုံသေးဘူးဆိုတာကို ကျွန်မတို့ အမှန်အတိုင်းရှုမြင်ကြဖို့၊ အမှန်အတိုင်းလက်ခံကြဖို့ လိုအပ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများတွင် ခေါင်းစဉ်ကြီးရှစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြသော်လည်း အသေးစိတ်သွားရမည့် လုပ်ငန်းစဉ်များကို ဆက်၍ ဆွေးနွေးညှိနှိုင်းကြရဦးမည်ဖြစ်ကြောင်း၊ အဆင့်လိုက်သွားမည့်လုပ်ငန်းစဉ်များတွင် မည်သည့်အချိန်တွင် ပြည်နယ်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို မည်သို့ရေးဆွဲကြမည်၊ ပြည်ထောင်စုနှင့် ပြည်နယ်အာဏာခွဲဝေမှုများကို တစ်ဆင့်ပြီးတစ်ဆင့် မည်သို့သွားကြမည်၊ မည်သည့်အဆင့်များတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကို မည်သို့သောပုံစံနှင့်လုပ်ကြမည် စသည့်ကိစ္စရပ်များကို ဟန်ချက်ညီညီ အကောင်အထည်ဖော်နိုင်ရန်အတွက် အသေးစိတ်ဆွေးနွေး ညှိနှိုင်းရဦးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီကနေ့ အစည်းအဝေးကိုတင်ပြလာတဲ့ စာချုပ်မူကြမ်းကို ကြည့်လိုက်တာနဲ့ နှစ်ဖက်အလုပ်အဖွဲ့တွေ ဘယ်လောက်အထိဆွေးနွေးခဲ့ရတယ်၊ ညှိနှိုင်းခဲ့ရတယ်၊ ငြင်းခုံခဲ့ရတယ်၊ ကြိုးပမ်းအားထုတ်ခဲ့ရတယ်ဆိုတာကို ကျွန်မတို့ နားလည်သဘောပေါက်နိုင်ပါတယ်။ ဒီဟာကို အရှိန်အဟုန်နဲ့ဆွေးနွေးမှုတွေ ဆောင်ရွက်နေချိန်မှာ ကမ္ဘာနဲ့အဝန်းကို COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုတွေဖြစ်ပေါ်လာတာကြောင့် တွေ့ဆုံဆွေးနွေးမှုတွေဟာ အရှိန်အဟုန် လျော့ကျသွားခဲ့ရပါတယ်။ Video Conferencing တွေနဲ့ ဆွေးနွေးမှုတွေ ရပ်ဆိုင်းမသွားအောင် ဆောင်ရွက်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီလိုစိန်ခေါ်မှုအမျိုးမျိုးကြားကနေ မဆုတ် မနစ် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြတဲ့ နှစ်ဖက်ကိုယ်စားလှယ်၊ ပါဝင်ပတ်သက်သူတွေ၊ ၀ိုင်းဝန်းပံ့ပိုးခဲ့သူတွေအားလုံးကို ကျွန်မအနေနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း အလေးအနက်ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် မရရှိနိုင်သေးသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကြိုးပမ်းနေရပြီး ယင်းသို့ ရေရှည်သဘောဆောင်သည့် လုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက်စဉ်းစား၍ လုပ်ငန်းစဉ်များ အားလုံးခြုံငုံအကျုံးဝင်သည့် ရှေ့ဆက်သွားမည့် အဆင့်လိုက်လုပ်ငန်းစဉ်များကို ဖော်ထုတ်ရရှိလာခဲ့ပြီဖြစ်ကြောင်း၊ ယင်းလမ်းကြောင်းသည် နိုင်ငံ၏ အတိတ်က ခါးသီးသည့် အတွေ့အကြုံများကို ဖြေဖျောက်ပေးနိုင်ရန်၊ လက်ရှိရင်ဆိုင်ကြုံ တွေ့နေရသည့် ပြည်ထောင်စု၏ အခက်အခဲများကို ပြေလည်စေရန်၊ တိုင်းရင်းသားအားလုံး၏ အနာဂတ် ပြည်ထောင်စုအိပ်မက်ကို အကောင်းဆုံးပုံဖော်နိုင်ရန် ဆက်လက်၍ ကြိုးပမ်းကြရဦးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။