ရီးယဲလ်အသင်းတွင် ရာထူးတစ်ခုခုဖြင့် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း စပိန်ဂိုးသမားဟောင်း ကာဆီးလက်စ် ပြောကြား

ရီးယဲလ်အသင်းတွင် ရာထူးတစ်ခုခုဖြင့် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း စပိန်ဂိုးသမားဟောင်း ကာဆီးလက်စ် ပြောကြား
Photo: Mykhel
Photo: Mykhel
Published 13 August 2020

ရီးယဲလ်မက်ဒရစ်နှင့် စပိန်ဂန္ထဝင်ဂိုးသမားဖြစ်သူ ကာဆီးလက်စ်က မိမိအနေဖြင့် ရီးယဲလ်အသင်းတွင် ရာထူးတစ်ခုခုဖြင့် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကာဆီးလက်စ်သည် စပိန်မဂ္ဂဇင်း Semana နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

အသက် (၃၉)နှစ်အရွယ်ရှိ ကာဆီးလက်စ်သည် သြဂုတ်လ (၄)ရက်တွင် ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည်။ 

စပိန်အားကစားသတင်းစာ Marca ကမူ ကာဆီးလက်စ်အနေဖြင့် ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်၏ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်လိမ့်မည်ဟု ဖော်ပြခဲ့သည်။ 

သို့သော် ကာဆီးလက်စ်က မည်သည့်တာဝန်ထမ်းဆောင်မည်ကို ပြောဆိုခဲ့ခြင်းမရှိဘဲ မိမိ၏ခြေလှမ်းသစ်ကို ရီးယဲလ်အသင်းတွင် စတင်လိုကြောင်းသာ ပြောကြားခဲ့သည်။ 

ကာဆီးလက်စ်က ''ဘာမှတော့ မနီးစပ်သေးပါဘူး။ ဒါပေမဲ့ ကစားသမားဘဝက အနားယူပြီး နောက်ခြေလှမ်းသစ်တစ်ခုကို ရီးယဲလ်အသင်းနဲ့ စတင်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ရီးယဲလ်နဲ့ ကျွန်တော် လမ်းခွဲခဲ့တာက အတော်လေး ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရီးယဲလ်က ကျွန်တော့်ရဲ့ အိမ်ပါ။ အတိတ်က အရာတွေကလည်း ကြာခဲ့ပါပြီ။ အခုအချိန်မှာ အရာအားလုံးက အေးဆေးဖြစ်သွားပါပြီ။ ပီရက်ဇ်နဲ့ ဆက်ဆံရေးလည်း ကောင်းမွန်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ကာဆီးလက်စ်က စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရမည့်အစီအစဉ်ကို စွန့်လွှတ်ခဲ့ခြင်းမှာ နိုင်ငံရေးအငွေ့အသက်များ လွှမ်းမိုးနေခြင်းကြောင့် ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent