ကစားသမား(၁၀)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းကြောင့် ဘရာဇီးလ်စီးရီးအေပွဲစဉ် ရွှေ့ဆိုင်းခဲ့ရ

ကစားသမား(၁၀)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းကြောင့် ဘရာဇီးလ်စီးရီးအေပွဲစဉ် ရွှေ့ဆိုင်းခဲ့ရ
Published 10 August 2020

ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော ဘရာဇီးလ်စီးရီးအေပွဲစဉ်(၁)မှ Goias - ဆော်ပေါ်လိုပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

Goias အသင်းမှ ကစားသမား(၁၀)ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားကြောင်း တွေ့ရှိခဲ့သည့်အတွက် ပွဲမစမီ မိနစ်ပိုင်းအလိုတွင် အဆိုပါပွဲကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကစားသမား(၁၀)ဦးထဲမှ (၈)ဦးမှာ ပွဲထွက်ကစားသမားများဖြစ်သည့်အတွက် ပြိုင်ဘက် ဆော်ပေါ်လိုအသင်းက ပွဲရွှေ့ဆိုင်းပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ ပုံမှန်အားဖြင့် မေလမှ ဒီဇင်ဘာလအထိ ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် သြဂုတ်လမှ ဖေဖော်ဝါရီလအထိ ကျင်းပရန် ပြောင်းလဲပြင်ဆင်ခဲ့ရပြီး ယခုတစ်ပတ်ပွဲစဉ်မှာ ၂၀၂၀ ရာသီ၏ အဖွဲ့ပွဲစဉ်ဖြစ်သည်။

သို့သော် ဘရာဇီးလ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၃)သန်းကျော်နှင့် သေဆုံးသူ(၁)သိန်းကျော် ရှိနေသောနိုင်ငံဖြစ်နေပြီး ရာသီအဖွင့်ပွဲစဉ်တွင်ပင် ပွဲရွှေ့ဆိုင်းရသည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent