ဘိုင်ယန်မြူးနစ်နှင့်ပွဲအပြီးတွင် ပရိသတ်များ၏ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသည့် အီမာဆန်အပါအဝင် ကစားသမား(၁၀)ဦးကို လမ်းပတ်ရောင်းချဖွယ်ရှိ

ဘိုင်ယန်မြူးနစ်နှင့်ပွဲအပြီးတွင် ပရိသတ်များ၏ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသည့် အီမာဆန်အပါအဝင် ကစားသမား(၁၀)ဦးကို လမ်းပတ်ရောင်းချဖွယ်ရှိ
Photo: Offside
Photo: Offside
Published 10 August 2020

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှကစားသမား အများအပြားကို ရောင်းချသွားဖွယ်ရှိကြောင်း သိရှိရသည်။ 

Sky Sports သတင်းဌာန၏ဖော်ပြချက်အရ ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် (ဒုတိယအကျော့)ပွဲစဉ် ဘိုင်ယန်မြူးနစ်(၄-၁)ချယ်လ်ဆီးပွဲအပြီးတွင် ပရိသတ်များ၏ လှောင်ပြောင်ရှုတ်ချမှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရသော အီတလီနောက်ခံလူ အီမာဆန်အပါအဝင် ချယ်လ်ဆီးကစားသမား(၁၀)ဦးကို လမ်းပတ်က ရောင်းချသွားဖွယ်ရှိကြောင်း သိရှိရသည်။ 

ယင်းပွဲတွင် အီမာဆန်သည် ဘယ်နောက်ခံနေရာ၌ စပိန်နောက်ခံလူ အလွန်ဆိုကိုကျော်၍ လမ်းပတ်၏ ရွေးချယ်မှုကို ခံခဲ့ရသော်လည်း အားနည်းချက်များခဲ့ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမားများကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။ 

သူ၏အားနည်းချက်များကြောင့် ဘိုင်ယန်မြူးနစ်အသင်းဘက်သို့ ဂိုးများပေးခဲ့ရရာ ချယ်လ်ဆီးပရိသတ်များက ၎င်းအားအမြန်ဆုံးရောင်းချရန် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် လမ်းပတ်ထံ တောင်းဆိုခဲ့ကြသည်။ 

Sky Sports  တွင်ဖော်ပြခဲ့သော သတင်းအရ လမ်းပတ်ရောင်းချဖွယ်ရှိသည့် ကစားသမားများထဲတွင် တိုက်စစ်မှူး ဘတ်ရှူအာယီ၊ ကွင်းလယ်လူ မိုဆက်စ်၊ ဘာကာယိုကို၊ ဒရင့်ဝါတာ၊ ဂျော်ဂျင်ဟို၊ နောက်ခံလူ ရူဒီဂါ၊ ဇူးမား၊ ခရစ္စတန်ဆန်၊ အလွန်ဆို၊ အီမာဆန် အစရှိသူတို့ပါဝင်နေကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပေးဂိုး(၅၄)ဂိုးအထိ ပေးခဲ့ရပြီး အမှတ်ပေးဇယားရပ်တည်မှု ထိပ်ဆုံး(၁၀)သင်းထဲတွင် ပေးဂိုးအများဆုံး အသင်းဖြစ်ခဲ့သည်။ 

ထို့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်း၊ အဝေးကွင်း (၂)ကျော့စလုံး ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ပေးဂိုး (၇)ဂိုးအထိပေးခဲ့ရရာ လမ်းပတ်သည် အသင်း၏ခံစစ်ကို အဓိကပြင်ဆင်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

Most Read

Most Recent