ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Published 10 August 2020

ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် (၂)ပွဲကို တနင်္လာညမှာ စတင်ကစားသွားကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ် (၂)ပွဲမှာ အင်တာမီလန် - လေဗာကူဆင်ပွဲက စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ပြီး မန်ယူကတော့ ခပ်လွယ်လွယ်ပဲနိုင်ပွဲရယူသွားပါလိမ့်မယ် . . .

မန်ယူ နှင့် ကိုပင်ဟေဂင် (အင်္ဂါနံနက် ၁း၃၀ နာရီ)

မန်ယူနဲ့ ကိုပင်ဟေဂင်က အဆင့်ချင်းအတော်ကွာတဲ့ အသင်းတွေလို့ ပြောလို့ရတယ်။ ဒါ့အပြင် မန်ယူက လက်ရှိအချိန်မှာအကောင်းဆုံးပုံစံပြန်ရနေပြီလို့ ဆိုရမယ်။ ဆိုးလ်ရှားက LASK နဲ့ပွဲမှာ မက်ဂွိုင်းရားကလွဲလို့ အရန်ကစားသမားတွေကိုသာအသုံးပြုခဲ့ပြီး အဓိက ကစားသမားတွေကို အနားပေးခဲ့တယ်။ ကိုပင်ဟေဂင်က ဒီအဆင့်အထိရောက်လာပေမယ့် ဥရောပထိပ်သီးလိဂ် (၅)ခုကအသင်းတွေနဲ့ ရင်မဆိုင်ခဲ့ရဘူး။ ပြိုင်ပွဲလမ်းကြောင်းလည်း ချောင်ခဲ့တယ်။ ဒီပွဲတော့ ကိုပင်ဟေဂင်ရပ်တန့်ပါပြီ။ မန်ယူဂိုးပြတ်နိုင်မယ်။

အင်တာမီလန် နှင့် လေဗာကူဆင် (အင်္ဂါနံနက် ၁း၃၀ နာရီ)

အင်တာက ဂီတာဖေးနဲ့ပွဲမှာ အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် လိုအပ်တဲ့ရလဒ်ကို ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ Counter ကစားပုံကတော့ ကောင်းခဲ့ပါတယ်။ လေဗာကူဆင်မှာ ဟာဗက်ဇ်လို ကြယ်ပွင့်ရှိပေမယ့် ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရရင် သူကိုယ်တိုင် ပျောက်ဆုံးသွားတတ်တယ်။ ဒါ့အပြင် ဒီလိုပွဲမျိုးတွေမှာ ကစားသမားအတွေ့အကြုံပိုင်း၊ နည်းပြ အရည်အသွေးပိုင်းတွေကလည်း စကားပြောပါတယ်။ လူကာကူ၊ လော်တာရိုမာတီနက်ဇ်၊ အဲရစ်ဆင်တို့ကို ပိုင်ဆိုင်ထားတဲ့ အင်တာမီလန်ပဲ ဆီမီးဖိုင်နယ်တက်လိမ့်မယ်။

Most Read

Most Recent