ပြည်ထောင်စု သဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်အားလုံး သဘောတူညီမှု မရသေးသော်လည်း အကောင်းဆုံးကို မျှော်လင့်ထားဟု PPST ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြည်ထောင်စု သဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်အားလုံး သဘောတူညီမှု မရသေးသော်လည်း အကောင်းဆုံးကို မျှော်လင့်ထားဟု PPST ပြောရေးဆိုခွင့်ရှိသူ ပြောကြား
နေပြည်တော်တွင် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သော PPST အစည်းအဝေးကိုတွေ့ရစဉ် (Photo: NCA-S EAO)
နေပြည်တော်တွင် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သော PPST အစည်းအဝေးကိုတွေ့ရစဉ် (Photo: NCA-S EAO)
Published 9 August 2020

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်များအားလုံး သဘောတူညီမှု မရ သေးသော်လည်း အကောင်းဆုံးကို မျှော်လင့်ထားကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ပြောရေးဆိုခွင့်ရှိ သူ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်တွင်ကျင်းပရန် သတ်မှတ်လျာထားပြီး အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ်အား အပိုင်းသုံးပိုင်းဖြင့် ချုပ်ဆိုမည်ဖြစ်ရာ ယင်းစာချုပ်တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများနှင့် ပတ်သက်၍ အစိုးရနှင့် NCA-S EAO တို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြသည်။

“ဒီလမ်းကြောင်းအတိုင်း နှစ်ဖက်က လျှောက်ရမယ့်လမ်းကြောင်းဖြစ်တဲ့အတွက် ကြောင့် နှစ်ဖက်ခေါင်းဆောင်တွေရော၊ ကျွန်တော်တို့ခေါင်းဆောင်ရော၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ခေါင်းဆောင်ရော သဘောထားကြီးမှု ဘယ်လောက်ရှိမလဲဆိုတာ ဒါ အဆုံးအဖြတ် တစ်ခုပေါ့နော်။ ကျွန်တော်တို့ ကတော့ မျှော်လင့်ပါတယ်။ ဒါနဲ့တော့ တစ်ဆို့မှု မဖြစ်လာနိုင်ဘူးလို့ မျှော်လင့်တာပေါ့နော်။ အကောင်းဆုံးကို မျှော်လင့်တာပေါ့” ဟု PPST ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောကြားသည်။

နေပြည်တော်တွင် ယနေ့ (သြဂုတ် ၁၀ ရက်) နှင့် သြဂုတ် ၁၁ ရက်တွင် အစိုးရနှင့် NCA-S EAO တို့၏ နှစ်ဖက် ညှိနှိုင်းအစည်း အဝေး ပြုလုပ်မည်ဖြစ်ပြီး သဘောတူညီမှု မရရှိသေးသော အချက်များ ဆက်လက်ဆွေး နွေးရန် သြဂုတ် ၆ ရက်မှ ၈ ရက်အထိ ပြုလုပ် ခဲ့သော PPST အစည်းအဝေးက လမ်းညွှန် ချက်ပေးထားကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

“ဒါ ကျွန်တော်တို့လည်း နားလည်ပါတယ်။ နောက်တော့ တစ်ခုရှိနေတာက ကျွန်တော်တို့အချင်းချင်း နှစ်ဖက်မှာပေါ့နော်။ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်မှုတွေ၊ သံသယတွေက အခုထက်ထိ မကင်းသေးဘူး။ တစ်ထပ်တည်း မကျသေးဘူး။ အဲဒီအခြေ အနေမှာ ဒါက ဒီဆွေးနွေးပွဲအပေါ်မှာလည်း ဒါလည်း ရလဒ်ကောင်းတစ်ခုဖြစ်ဖို့အတွက် ဒါလည်း ကြိုးစားနေရဦးမှာပေါ့”ဟု နိုင်အောင်မငေးက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး မတိုင်မီ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများမှ ထိပ်သီးခေါင်းဆောင်များ တက် ရောက်ဆွေးနွေးဆုံးဖြတ်ရသည့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပသွား မည်ဖြစ်ပြီး အဆိုပါအစည်းအဝေးသည် ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအတွက် အဓိကကျကြောင်း ၎င်းက ဆိုသည်။

JICM အစည်းအဝေး (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တက်ရောက်ရန် အတွက် PPST အဖွဲ့၏ ယာယီအဖွဲ့ခေါင်း ဆောင်ဖြစ်သူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီးယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သြဂုတ် ၉ ရက်တွင် RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းမှ နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း RCSS အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent