အိမ်ကွင်းဂိုးပြတ်နိုင်ပွဲတွေနဲ့အတူ ကွာတားဖိုင်နယ်တက်ရောက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ

အိမ်ကွင်းဂိုးပြတ်နိုင်ပွဲတွေနဲ့အတူ ကွာတားဖိုင်နယ်တက်ရောက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ
Photos: Team Twitter,AFP
Photos: Team Twitter,AFP
Published 9 August 2020

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် (ဒုတိယအကျော့) လက်ကျန် (၂)ပွဲကို ယနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာအသင်းတွေဟာ ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊ နာပိုလီ

အသင်းတွေကို အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲကိုယ်စီယူပြီး ကွာတားဖိုင်နယ်ကိုတက်ရောက်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကို ပထအကျော့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ (၃-၀)ဂိုးနဲ့အနိုင်ရထားတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အိမ်ကွင်းမှာလည်း (၄-၁)ဂိုးနဲ့ ထပ်မံအနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် (၇-၁)ဂိုးနဲ့အတူ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ပထမအကျော့မှာ ဂိုးပြတ်အနိုင်ရထားပေမယ့် ဘိုင်ယန်မြူးနစ်ဟာ အခုပွဲမှာလည်း လူစုံထုတ်ခဲ့ပြီး ချယ်လ်ဆီးအသင်းကိုထပ်မံအနိုင်ယူဖို့ကြိုးစားခဲ့တာပါ။

ဒဏ်ရာပြဿနာ၊ ပွဲပယ်ပြစ်ဒဏ်တွေနဲ့အတူ လူမစုံတဲ့ချယ်လ်ဆီးကတော့ ဘိုင်ယန်မြူးနစ်ကို ယှဉ်ကစားဖို့ခက်ခဲ့ပါတယ်။ နှစ်သင်းကြား ကစားသမားတွေရဲ့ အတွေ့အကြုံနဲ့ ခြေစွမ်းပိုင်းကွာခြားမှုတွေကို ဒီပွဲမှာ သိသိသာသာမြင်ခဲ့ရပြီး

ဘိုင်ယန်မြူးနစ်အသင်းဟာ သက်သောင့်သက်သာပဲ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုဖန်တီးသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ သွင်းဂိုးတစ်ဂိုးငြင်းပယ်ခံရတာနဲ့ ချေပဂိုးတစ်ဂိုးရခဲ့တာကလွဲလို့ ဘိုင်ယန်မြူးနစ်ကို ကြီးကြီးမားမားဖိအားမပေးနိုင်ခဲ့ဘဲ ဘိုင်ယန်မြူးနစ်တိုက်စစ်ကို ခုခံရင်းနဲ့ပဲအချိန်ကုန်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားတွေအနေနဲ့လည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ ခံစစ်ကိုထိုးဖောက်ရာမှာ လိုအပ်ချက်တွေရှိခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုအားနည်းခဲ့တာကလည်း စိတ်ပျက်စရာပါပဲ။

ဘိုင်ယန်မြူးနစ်အတွက် အဖွင့်ဂိုးကို ပွဲအစ (၁၀)မိနစ်မှာပဲ လီဝန်ဒေါစကီးက ပယ်နယ်တီကနေတစ်ဆင့်သွင်းယူပေးခဲ့ပြီး၊ ဒုတိယဂိုးကိုတော့ ပွဲချိန် (၂၄)မိနစ်မှာ ပါရီဆစ်ကသွင်းယူခဲ့ပါတယ်။

(၂)ဂိုးပြတ်အနိုင်ရပြီးချိန်မှာ ဘိုင်ယန်မြူးနစ်ပွဲကိုထိန်းကစားခဲ့လို့ ချယ်လ်ဆီးအသင်းအခွင့်အရေးတချို့ပြန်ရလာခဲ့ပြီး အိုဒွိုင်းဂိုးသွင်းပေးမယ့် ပယ်ဖျက်ခံခဲ့ရသလို၊ ပွဲချိန် (၄၄)မိနစ်မှာ အေဘရာဟမ်က တစ်လုံးတည်းသောချေပဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်းမှာ (၂-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ ဘိုင်ယန်မြူးနစ်ကစားအားပိုကောင်းလာခဲ့လို့ ချယ်လ်ဆီးအသင်းအခွင့်အရေးမရသလောက်ဖြစ်သွားခဲ့ပါတယ်။

ပထမအကျော့အပြီး ချယ်လ်ဆီးနည်းပြလမ်းပတ်ဝန်ခံခဲ့သလိုပဲ နှစ်သင်းကြားကွာခြားချက်ကြီးမားလွန်းတာကို ဒီပွဲမှာထပ်ပြီးမြင်တွေ့ခဲ့ရပြန်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် နောက်ထပ်ဂိုးတွေကိုတော့ ပွဲချိန် (၇၆)မိနစ်မှာ တိုလစ်ဆို၊ (၈၃)မိနစ်မှာ လီဝန်ဒေါစကီးတို့ကသွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက (၄-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး နောက်ဆုံး (၉)နှစ်အတွင်း ကွာတားဖိုင်နယ်ကို (၈)ကြိမ်မြောက်တက်ရောက်သွားနိုင်ခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းဟာ စီးရီးအေကလပ်နာပိုလီအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် (၄-၂)ဂိုးနဲ့အတူ ကွာတားဖိုင်နယ်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပထမအကျော့မှာ (၁-၁)ဂိုးသရေကျထားလို့ ဘာစီလိုနာအသင်း အမှားအယွင်းမဖြစ်အောင် အကောင်းဆုံးထိန်းချုပ်ကစားသွားခဲ့ပြီး လိုအပ်တဲ့အနိုင်ရလဒ်ကို သက်သောင့်သက်သာပဲရယူခဲ့ပါတယ်။

နာပိုလီအသင်းအနေနဲ့ ပထမအကျော့အိမ်ကွင်းမှာ ဘာစီလိုနာကို တု့ံပြန်ကစားနိုင်ခဲ့ပေမယ့် အခုအဝေးကွင်းပွဲစဉ်မှာတော့ ယှဉ်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ ဘာစီလိုနာအသင်းကပဲ ပွဲကိုအကောင်းဆုံးထိန်းချုပ်ကစားသွားခဲ့ပြီး ဒီထက်ပိုပြီးဂိုးပြတ်နိုင်တဲ့ အခွင့်အရေးတွေလည်းရခဲ့ပါတယ်။

ဘာစီလိုနာအသင်းအတွက်အဖွင့်ဂိုးကို ပွဲချိန် (၁၀)မိနစ်မှာ နောက်ခံလူ လွန်းဂလတ်ကခေါင်းတိုက်သွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကို ပွဲချိန် (၂၃)မိနစ်မှာ မက်ဆီက တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းယူပေးခဲ့ပါတယ်။

(၂)ဂိုးသွင်းယူပြီးနောက်မှာလည်း ဘာစီလိုနာအသင်းကပဲ ပွဲကိုဆက်လက်စိုးမိုးထားခဲ့ပြီး နာပိုလီအသင်းအနေနဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ပြန်လည်တုံ့ပြန်ဖို့ကြိုးစားပေမယ့် အရာမထင်ခဲ့ပါဘူး။

ဘာစီလိုနာအသင်းအတွက် တတိယဂိုးကို ပွဲချိန် (၄၅)မိနစ်မှာ ဆွာရက်ဇ်က ပယ်နယ်တီကနေတစ်ဆင့်ကန်သွင်းယူပေးခဲ့ပြီး၊ နာပိုလီအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုလည်း ပထမပိုင်းနာကျင်အချိန်ပိုမှာ အင်ဆစ်ဂ်နီက ပယ်နယ်တီကနေတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်းမှာပဲ (၃-၁)ဂိုးနဲ့ပြီးဆုံးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်းအခွင့်အရေးတွေထပ်ရခဲ့သလို၊ နာပိုလီအသင်းအနေနဲ့လည်း ချေပဂိုးထပ်ရနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့်အသုံးမချနိုင်ခဲ့ကြပါဘူး။

ပွဲအပြီးမှာတော့ ဘာစီလိုနာအသင်းက (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို စံချိန်တင် (၁၃)ရာသီဆက်တိုက်တက်ရောက်နိုင်ခဲ့ပါတယ်။

Most Read

Most Recent