သီယာဂိုကိုခေါ်ယူရန် လီဗာပူးလ်အသင်း နီးစပ်နေသော်လည်း ကီတာကိုရောင်းချပြီးမှ ခေါ်ယူနိုင်ဖွယ်ရှိ

သီယာဂိုကိုခေါ်ယူရန် လီဗာပူးလ်အသင်း နီးစပ်နေသော်လည်း ကီတာကိုရောင်းချပြီးမှ ခေါ်ယူနိုင်ဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 8 August 2020

လီဗာပူးလ်အသင်းသည် ဘိုင်ယန်မြူး နစ်အသင်းကွင်းလယ်လူ သီယာဂိုအယ်လ် ကန်တာရာကိုခေါ်ယူရန် နီးစပ်နေသော် လည်း ကွင်းလယ်လူ ကီတာကို ရောင်းချပြီးမှ ခေါ်ယူနိုင်ဖွယ်ရှိကြောင်း သိရသည်။

စပိန်ကွင်းလယ်လူ သီယာဂို (၂၉ နှစ်) ၏စာချုပ်မှာ (၁) နှစ်သာကျန်ရှိတော့ပြီး ကစားသမားကိုယ်တိုင်နှင့် ဘိုင်ယန်မြူးနစ် အသင်း အမှုဆောင်ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင် နစ်ဂီက ယခုနွေရာသီတွင် လမ်းခွဲမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ ၎င်းအားခေါ်ယူရန် လီဗာပူးလ်အသင်းက အနီးစပ်ဆုံးဖြစ်နေသော်လည်း ဘိုင်ယန်မြူးနစ်အသင်း တောင်းဆိုထားသည့် ပြောင်းရွှေ့ ကြေး ပေါင် (၂၇) သန်း ပေးချေရန်အတွက် ကစားသမားရောင်းချရန် လိုအပ်သည်ဟု လီဗာပူးလ်အသင်းပိုင်ရှင် Fenway Sports Group (FSG) က ပြောကြားကြောင်း Kicker မဂ္ဂဇင်းက ဖော်ပြသည်။

သို့ဖြစ်ရာ ဒဏ်ရာ ပြဿနာများကြောင့် ပုံမှန်ပွဲထွက်ခွင့်မရဘဲ ရုန်းကန်နေရသည့် ဂီနီကွင်းလယ်လူ ကီတာ ကို ရောင်းချဖွယ်ရှိကြောင်း Daily Mail သတင်းဌာနက ခန့်မှန်းဖော်ပြခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီဖလစ် ကလည်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ချင် သည့် သီယာဂို၏ဆန္ဒကို နားလည်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သဖြင့် အပြီး သတ်သဘောတူညီမှုရရန် ပိုနီးစပ်လာပြီ ဖြစ်သည်။

''သီယာဂိုက စပိန်မှာ ဘာစီလိုနာနဲ့ ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်အတွက် ကစားခဲ့ပြီး ပါပြီ။ အခု သူက ပရီးမီးယားလိဂ်မှာ ကစား ချင်တယ်ဆိုရင်လည်း ကျွန်တော် အပြည့်အ၀ နားလည်ပါတယ်။ သူ့ကို နောက်ထပ်နှစ်နည်း နည်းလောက် ဆက်ရှိစေချင်ပေမဲ့ ဘဝဆိုတာ ဒီလိုပါပဲ'' ဟု ဟန်ဆီဖလစ်က ဆိုသည်။

သီယာဂိုသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် (၇)နှစ်တာကာလအတွင်း ပြိုင်ပွဲစုံ (၂၃၁)ပွဲကစားရာတွင် (၃၁)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး၊ ဘွန်ဒစ်လီဂါချန်ပီယံဆု (၇)ကြိမ်အပါအဝင် ဆုဖလား (၁၅)လုံးရယူနိုင်ခဲ့သည်။

Most Read

Most Recent