ကွာတားဖိုင်နယ်တက်ရောက်ခဲ့သည့် မန်စီးတီးအသင်းအား အောင်ပွဲနှင့် ထိုက်တန်ကြောင်း ဇီဒန်းချီးကျူး

ကွာတားဖိုင်နယ်တက်ရောက်ခဲ့သည့် မန်စီးတီးအသင်းအား အောင်ပွဲနှင့် ထိုက်တန်ကြောင်း ဇီဒန်းချီးကျူး
Photos: AFP
Photos: AFP
Published 8 August 2020

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဇီဒန်းက ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် (ဒုတိယအကျော့)ပွဲစဉ်တွင် မိမိတို့အသင်းအား အနိုင်ကစားပြီး ကွာတားဖိုင်နယ်တက်ရောက်ခဲ့သည့် မန်စီးတီးအသင်းအား ယခုအောင်ပွဲနှင့် ထိုက်တန်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်များတွင် ရီးယဲလ်မက်ဒရစ်အသင်းအား အဝေးကွင်းဘာနေဗျူး၌ (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့သလို၊ အိမ်ကွင်း အီတီဟတ်ဒ်တွင်လည်း (၂-၁)ဂိုးဖြင့် ထပ်မံအနိုင်ယူပြီး (၂)ကျော့ပေါင်းရလဒ် (၄-၂)ဂိုးဖြင့်အနိုင်ရကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ထို့ကြောင့် မန်စီးတီးအသင်းအား ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ချီးကျူးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်အသင်းအနေဖြင့် အကောင်းဆုံးကစားနိုင်ခဲ့ကြောင်း ဆိုခဲ့သည်။

ဇီဒန်းက ''ပြိုင်ပွဲတွေမှာ ရှုံးနိမ့်တဲ့အခါ သင့်အနေနဲ့ပျော်ရွှင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်တို့အသင်းစွမ်းဆောင်ခဲ့တာတွေအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော့်အနေနဲ့တော့ ပြိုင်ဘက်မန်စီးတီးအသင်းကို ဂုဏ်ပြုလိုပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ အကောင်းဆုံးကစားခဲ့လို့ပါ။ မန်စီးတီးဟာ ဒီအောင်ပွဲနဲ့ ထိုက်တန်ပါတယ်'' ဟုပွဲအပြီးတွင်ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင် လာလီဂါချန်ပီယံဆုအားရယူနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ (၂)ရာသီဆက်တိုက် ရှုံးထွက် (၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ယင်းကဲ့သို့ ရလဒ်ဆိုးကို ပြန်လည်ကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး ဇီဒန်းက မိမိတို့အသင်းအနေဖြင့် မန်စီးတီးအသင်းအား (၂)ကျော့စလုံးရှုံးနိမ့်ခဲ့သော်လည်း အကောင်းဆုံးကစားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent