မြန်မာလက်ခမောင်းကုမ္ပဏီက ကျင်းပမည့် WLC-12 ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင်ပါဝင်မည့်တွဲဆိုင်း အချို့ကို သြဂုတ် (၇) ရက်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ မြန်မာလက်ခမောင်း ကုမ္ပဏီသည် ယင်းပြိုင်ပွဲတွင်ပါဝင်မည့် Main Event (၂)ပွဲကို ကြေညာခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် Main Even အဖြစ် အမျိုးသမီးကမ္ဘာ့ချန်ပီယံလုပွဲ ကျင်းပမည်ဖြစ်ပြီး ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ အဖြစ် ပြင်သစ်နိုင်ငံသူ ဖရက်ဒီနှင့် စပိန်နိုင်ငံ သူ မိုင်ရှာကက်ဇ်တို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။ Co-Main Event အဖြစ် မြန်မာ လက်ဝှေ့သမား စိုးမင်းအောင်နှင့် ဥဇ္ဇဘက် ကစ္စတန်နိုင်ငံသား အာသာတီတို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ စိုးမင်းအောင်သည် မွေထိုင်းပြိုင်ပွဲများတွင် ယှဉ်ပြိုင်ထိုးသတ်နေ သူဖြစ်ပြီး WLC နှင့်လက်တွဲ၍ ပထမဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ WLC-12 ပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း (၇)ပွဲပါဝင် မည်ဖြစ်ပြီး Main Even နှင့် Co-Main Event ပွဲစဉ် (၂)ပွဲသာ ထုတ်ပြန်ထားကာ ကျန်ရှိသည့်တွဲဆိုင်းများကို ပြိုင်ပွဲမတိုင်မီ ဆက်လက်ထုတ်ပြန်မည်ဖြစ်သည်။
WLC-12 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကို ပရိသတ်မပါဘဲ ကျင်းပမည်ဖြစ်ပြီး ရုပ်သံ လိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ် သည်။ ယင်းပြိုင်ပွဲကို သြဂုတ် (၂၈) ရက် မြန်မာ စံတော်ချိန် ညနေ (၆:၃၀) နာရီမှစတင်ကာ ထုတ်လွှင့်ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ လက်ဝှေ့ ပရိသတ်များအနေဖြင့် Canal+ ရုပ်သံလိုင်း၊ ပြည်ပနိုင်ငံများမှ လက်ဝှေ့ပရိသတ်များအနေ ဖြင့် UFC Fight Pass ရုပ်သံလိုင်းတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ''WLC ပြိုင်ပွဲကို သြဂုတ် (၂၈) ရက်မှာ ကမ္ဘာ့အဆင့်ပွဲတွေနဲ့အတူ ပြန်လာခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ပရိသတ်တွေ ရုံထဲမှာ ကြည့်ရှုခွင့်မရပေမဲ့ ကျွန်တော်တို့ရဲ့ ရုပ်သံပါတနာတွေကြောင့် နိုင်ငံပေါင်း (၁၀၀) ကျော်မှာ ကြည့်ရှုခွင့်ရရှိမှာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် အမျိုးသမီး ကမ္ဘာ့ချန်ပီယံလုပွဲ ထည့်သွင်းကျင်းပတာ ဖြစ်ပြီး ကမ္ဘာ့အဆင့် ဖိုက်တာတွေဖြစ်လို့ အမျိုးသမီးကစားသမားတွေလည်း မြန်မာ့ လက်ဝှေ့မှာ အစွမ်းပြနိုင်တယ်ဆိုတာ ကမ္ဘာ သိအောင် လုပ်နိုင်တော့မှာ ဖြစ်ပါတယ်'' ဟု WLC ဥက္ကဋ္ဌ ဦးဇေသီဟက ပြောကြားသည်။
မွေထိုင်းလက်ဝှေ့လောကတွင် နာမည် ကြီးနေသည့် စိုးမင်းအောင်သည် WLC နှင့် ပထမဆုံးအကြိမ် လက်တွဲခြင်းဖြစ်ပြီး ၎င်းနှင့် ထိုးသတ်မည့် အာသာတီမှာ ကစ်ဘောက်ဆင် ချန်ပီယံဟောင်းတစ်ဦးဖြစ်သည်။ WLC ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် လအတန် ကြာ ရပ်နားထားရပြီး ဇန်နဝါရီနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခြင်းဖြစ် သည်။ WLC သည် ယခုနှစ်အတွင်း ပြိုင်ပွဲ (၃)ပွဲကျင်းပရန် စီစဉ်ထားသည်။









