ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းက ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အာဆီယံဇုန် ဆီမီးဖိုင်နယ်တက် ရောက်ရန် လက်ကျန် (၃)ပွဲစလုံး အရေးပါကြောင်း သုံးသပ်ပြောကြားသည်။
ရန်ကုန်အသင်းသည် AFC Cup ပြိုင်ပွဲ အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို) တို့နှင့်အတူ ကျရောက်နေ သည်။ ရန်ကုန်အသင်းသည် ပထမအကျော့အပြီးတွင် ဟိုချီမင်းစီးတီးအသင်းနှင့်အတူ (၇)မှတ်စီရထားသောကြောင့် နောက်တစ် ဆင့်တက်ရောက်ရန် အခွင့်အရေးရှိနေပြီး ဒုတိယအကျော့သုံးပွဲမှာ အရေးပါလျက်ရှိ သည်။
''ကျွန်တော်တို့အသင်းရဲ့ ပထမရည် မှန်းချက်ကတော့ အာဆီယံဇုန် ဆီမီးဖိုင်နယ် တက်ရောက်ဖို့ ဖြစ်ပါတယ်။ ပထမအကျော့ အပြီး အနေအထားအရလည်း ကျွန်တော်တို့ အတွက် အခွင့်အရေးရှိနေပါတယ်။ ဒုတိယ အကျော့သုံးပွဲစလုံး ရလဒ်ကောင်းဖို့ လိုအပ် နေပါတယ်။ ဒုတိယအကျော့ အဖွင့်ပွဲက ဟောင်အန်အသင်းနဲ့ ကစားရမှာဖြစ်ပြီး မဖြစ် မနေအနိုင်ရဖို့ လိုပါတယ်။ ဟိုချီမင်းစီးတီး အသင်းနဲ့ပွဲမှာ အနိမ့်ဆုံး သရေကစားနိုင်ခဲ့ရင် အခြေအနေတော်တော်ကောင်းသွားပါပြီ။ နောက်ဆုံးပွဲဖြစ်တဲ့ လာအိုတိုယိုတာနဲ့ပွဲမှာ လည်း အနိုင်ရဖို့ လိုအပ်ပါတယ်။ ဗီယက်နမ် နိုင်ငံမှာ ကစားရမှာဖြစ်တာကြောင့် အမှား နည်းဖို့လိုသလို ပိုပြီးလည်း ကြိုးစားရမှာပါ။ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ထားပြီး လက်ကျန်(၃)ပွဲစလုံး အရေးပါပါတယ်'' ဟု ဦးတင်မောင်ထွန်းက ပြောကြားသည်။
ရန်ကုန်အသင်းသည် စက်တင်ဘာ (၂၃) ရက်တွင် ဟောင်အန်အသင်း၊ စက်တင်ဘာ (၂၆) ရက်တွင် ဟိုချီမင်းစီးတီးအသင်း၊ စက်တင်ဘာ (၂၉) ရက်တွင် လာအိုတိုယိုတာအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။









