မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာအနီးရှိ အလိုတော်ပြည့် အောင်မြေဗောဓိ ဓမ္မရိပ်သာတွင် ပြုံးတော်မူ ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ ၃၀၀ ခန့် တည်ထားကိုးကွယ်တော်မူမည် ဖြစ်ကြောင်း သိရသည်။
“မြတ်စွာဘုရား မျက်နှာမကြည်မသာ ဆိုတာ တစ်ဘဝလုံးမှာ မရှိဘူး။ စက္ကန့်ပိုင်းတောင်မရှိဘူး။ ဘယ်လိုအခါမျိုးမှာ ပြုံးသလဲဆိုရင် မာလိကာပန်းသည်မလေးက ဘုရားကို မုန့်သုံးချပ်လှူလိုက်တဲ့အခါကျတော့ ဒီကောင်းမှုကြောင့် ညနေနန်းစံ မိဖုရားကြီး ဖြစ်မှာမို့လို့ ဘုရားက အားရပါးရပြုံးတယ်။ နောက် တစ်စုံတစ်ယောက်က သောတပန်တည်မယ်၊ အနာဂမ်တည်မယ်၊ ရဟန္တာတည်မယ် ဆိုရင်လည်း ဘုရားကပြုံးတယ်။ ဘယ်သူက ဘယ်အချိန်မှာ ဘုရားဖြစ်မယ်ဆိုတာ ဗျာဓိတ်ပေးချင်တဲ့ အခါမှာလည်း ပြုံးတော်မူတယ်။ နောက်တစ်ခု ပြုံးတော်မူလို့ ဘာလို့ ဘွဲ့ပေးသလဲဆိုရင် ဗိုလ်မှူးအောင်က ပုပ္ပားမှာ ဘုရားတည်တယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးအောင်က မြန်မာပြည်ကောင်းကျိုးဆောင်၊ ကောင်းတဲ့အနေနဲ့ ပုပ္ပားမှာ ဘုရားတည်ခဲ့တယ။ မြန်မာပြည်ရဲ့ အလယ်ပိုင်း ဗဟိုနားကျတဲ့ မိတ္တီလာကနေ ကိုဗစ်ရောဂါနဲ့ လူတွေ စိတ်မချမ်းသာ ကာလတွေ လွန်မြောက်ပြီး မြန်မာပြည်ကြီး ကောင်းတော့မယ်လို့မြင်ပြီး ဘုရားကပြုံးတယ်ဆိုတဲ့ အဓိပ္ပာယ်။ မြန်မာပြည် အလယ်ပိုင်းကနေ အပြုံးဓာတ်ပေးတဲ့အနေနဲ့ ဘုရားရဲ့ ဘွဲ့အားလုံးကို ပြုံးတော်မူလို့ထားတာ။ ကိုယ်တွက်ကိန်းနဲ့ ကိုယ်ပေါ့လေ။ ၂၀၂၃ လောက်ကျရင် တို့မြန်မာပြည် ပိုကောင်းတော့မယ်လို့ မှန်းတယ်။ ဒါကြောင့် ဘုရားပြုံးရတယ်ဆိုတဲ့ အဓိပ္ပာယ်လည်းပါတယ်” ဟု မိတ္ထီလာမြို့နယ် ညောင်ကုန်းကျေးရွာ အနီးရှိ အလိုတော်ပြည့် (မိတ္ထီလာ) ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာသာရက မိန့်ကြားသည်။
“ဘုရားကို အဆူတစ်ရာ၊ တရားကို အဆူတစ်ရာ၊ သံဃာကို အဆူတစ်ရာ၊ ရတနာသုံးပါးကို ရည်မှန်းပြီးတော့ ပြုံးတော်မူဘုရား အဆူ ၃၀၀ လောက်အထိ တိုးချဲ့သွားမယ်လို့ ခန့်မှန်းထားတယ်။ ဉာဏ်တော်အမြင့်တော့ အမျိုးမျိုးရှိတယ်။ သာမန်အားဖြင့်တော့ ဉာဏ်တော်ကို သုံးပေခွဲအောက် မလျော့ဘူး။ လှူဒါန်းသူတွေကို ကမ္ပည်းထိုးပေးတယ်။ မိတ္ထီလာ အတိုင်းအတာအနေနဲ့ ဘုရားအဆူရာချီပြီး ရှိတဲ့နေရာ မရှိသေးလို့ နောက်ပိုင်းကျရင် ဗုဒ္ဓဥယျာဉ် မည်သူမဆို လာရောက်ဖူးမြော် အနားယူနိုင်အောင်လို့ပါ။ ပြုံးတော်မူ ဘုရားတွေကို အများပြည်သူ လာရောက်လှူဒါန်းနိုင်တယ်။ တစ်ဆူကို ကျပ် ၁၀ သိန်းနဲ့ တကဲပါတယ်။ ဘုရားတွေကို ကျပ်သိန်း ၂၀ နဲ့လှူဒါန်းနိုင်တယ်။ မြန်မာမှု လက်ရာတွေက မလှိုင်မြို့နယ် ခေါင်းဆေးကန်ရွာက လာလုပ်ပေးတယ်” ဟုမိတ္ထီလာမြို့နယ် အလိုတော်ပြည့် အောင်မြေဗောဓိ ဓမ္မရိပ်သာကျောင်းတိုက် (မိတ္ထီလာ) ဆရာတော် ဘဒ္ဒန္တပညာသာရ၊ ၀ါတော်(၃၅)၀ါ၊ သက်တော်(၅၄)နှစ်က မိန့်ကြားသည်။
မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်း ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ၊ အလိုတော်ပြည့် အောင်မြေဗောဓိ ဓမ္မရိပ်သာ ကျောင်းတိုက်တွင် ကမ္ဘာ့အကြီးဆုံး အလိုတော်ပြည့်ပုံတော် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်မြတ်ကို လွန်ခဲ့သော ၁၀ နှစ်ကျော်က တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။















