မန်စီးတီးအသင်းနှင့် လမ်းခွဲတော့မည့် ၀ါရင့်စပိန်ကစားသမား ဒေးဗစ်ဆေးလ်ဗားသည် စီးရီးအေကလပ် လာဇီယိုအသင်းတွင် ပြောင်းရွှေ့ကစားရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း Il Corriere dello Sport က ဖော်ပြခဲ့သည်။
ဒေးဗစ်ဆေးလ်ဗား(၃၄ နှစ်)သည် ကစားသမားဘဝမှ အနားယူရန် ဆန္ဒမရှိသေးသည့်အတွက် လာဇီယိုအသင်းသို့ ပြောင်းရွှေ့ကစားရန် စီစဉ်ခြင်းဖြစ်ပြီး လာဇီယိုအသင်းနှင့် (၃)နှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့သည်ဟု သိရှိရသည်။
အသေးစိတ်အချက်အလက်များကို ဆွေးနွေးနေဆဲဖြစ်သော်လည်း ဒေးဗစ်ဆေးလ်ဗားသည် လာဇီယိုအသင်းတွင် တစ်နှစ်လစာ ယူရို(၃)သန်းနှင့် အပိုဆုကြေးများ ရရှိသွားမည်ဖြစ်ကြောင်း အီတလီဘောလုံးလောကမှ အပြောင်းအရွှေ့စျေးကွက်ကျွမ်းကျင်သူ နီကိုလာရှီရာကလည်း ပြောကြားခဲ့သည်။
ဒေးဗစ်ဆေးလ်ဗား၏ အပြောင်းအရွှေ့ကို ၎င်း၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသော သူ၏ ညီအစ်ကိုတစ်ဦးက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လာဇီယိုအသင်းနှင့် ဒေးဗစ်ဆေးလ်ဗားသည် ယခုအပြောင်းအရွှေ့သတင်းကို တနင်္ဂနွေနေ့တွင် အတည်ပြုကြေညာဖွယ်ရှိကြောင်းလည်း Il Corriere dello Sport က ဖော်ပြခဲ့သည်။









