ဘာစီလိုနာအသင်းသည် ဆော်ပေါ်လိုအသင်းမှ အသက်(၁၉)နှစ်အရွယ် ဘရာဇီးလ်ဘယ်တောင်ပံကစားသမား ဂူစတာဗိုမိုင်ယာကို ပြောင်းရွှေ့ကြေး ယူရို(၄.၅)သန်းဖြင့် ခေါ်ယူခဲ့ပြီး ယူရိုသန်း(၃၀၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။
မိုင်ယာသည် ဆော်ပေါ်လိုအသင်းကြီးတွင် ကစားခွင့်မရသေးသော်လည်း လူငယ်ပြိုင်ပွဲများ၌ ခြေစွမ်းပြနေခြင်းကြောင့် ဥရောပထိပ်သီးအသင်းများက စောင့်ကြည့်ခဲ့ကြပြီး ဘာစီလိုနာအသင်းက ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် မိုင်ယာကို ခေါ်ယူရန် ပြီးခဲ့သည့် ဇူလိုင်လကတည်းက သဘောတူညီမှုရရှိထားခဲ့ပြီး ယခုအခါ အပြီးသတ်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် မိုင်ယာကို အရန်အသင်းတွင်သာ စတင်နေရာပေးသွားမည်ဖြစ်သော်လည်း ပြိုင်ဘက်အသင်းများထံ အလွယ်တကူမဆုံးရှုံးရစေရန်အတွက် ယူရိုသန်း(၃၀၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကြောင်းလည်း ဘာစီလိုနာအသင်းက အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြုကြေညာခဲ့သည်။









