ဗြိိတိန်ကျန်းမာရေးတာဝန်ရှိသူများသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိ၊ မရှိဆိုသည်ကို မိနစ်(၉၀)အတွင်းသိရှိနိုင်မည့် စစ်ဆေးမှုပုံစံသစ်ကို စတင်မိတ်ဆက်ခဲ့ကြပြီး ယင်းစစ်ဆေးမှုက ဘောလုံးကွင်းများအတွင်းသို့ ပရိသတ်များ မြန်မြန်ဆန်ဆန်ပြန် လည်ဝင်ရောက်နိုင်ရန် အကူအညီပေးနိုင်မည်ဟု ပရီးမီးယားလိဂ်တာဝန်ရှိသူများက မျှော်လင့်နေကြောင်း သိရသည်။
မိနစ်(၉၀)သာကြာမြင့်မည့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုပုံစံသစ်(Coronavirus: New 90-minute tests)ကို လာမည့်ရက်ပိုင်းအတွင်း ဆေးရုံများနှင့် ဘိုးဘွားရိပ်သာကဲ့သို့သော ကျန်းမာရေးဝန်ဆောင်မှုရိပ်သာများတွင် စတင်အသုံးပြုသွားမည်ဖြစ်သည်။
ယင်းစစ်ဆေးမှုဖြင့် အဖျားဝေဒနာရှိသူများ/ နေမကောင်းသူများအား သာမန်ရာသီတုပ်ကွေးရောဂါဖြစ်ခြင်းလော၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းလောဆိုသည်ကို အချိန်တိုအတွင်း သိရှိနိုင်မည်ဖြစ်သည်။
ပရီးမီးယားလိဂ်ထိပ်တန်းတာဝန်ရှိသူများသည် လာမည့်ရာသီတွင် ဘောလုံးကွင်းများအတွင်းသို့ ပရိသတ်များ ပြန်လည်ဝင်ရောက်ကြည့်ရှုနိုင်စေရန်အတွက် အစီအစဉ်များကို ရေးဆွဲနေရာ မိနစ်(၉၀)ကြာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုအစီအစဉ်က မည်ကဲ့သို့ အကူအညီပေးနိုင်မည်ဆိုသည်ကို လေ့လာသွားမည် ဖြစ်ကြောင်းသိရသည်။
သို့သော် ဘောလုံးကွင်းများ၌ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးသည့် စင်တာများထားရှိရန်မှာ လက်တွေ့တွင် လွယ်ကူမည်မဟုတ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ကွင်းပြင်ပ ဗိုင်းရပ်စ်စစ်ဆေးသည့် စင်တာတွင် လူအများစုပြုံနိုင်သည့်အပြင် ပရိသတ်များအနေဖြင့်လည်း ဘောလုံးပွဲများကြည့်ရန် ပွဲစချိန်မတိုင်မီ အနည်းဆုံး (၂)နာရီခန့် ကြိုတင်လာရောက်ရမည်ဖြစ်ကြောင်းသိရသည်။
ဗြိတိန်ကျန်းမာရေးနှင့် လူမှုရေးရာစောင့်ရှောက်ရေးဝန်ကြီး မာ့ခ်ဟန်ကွတ်က ယင်းစစ်ဆေးမှုမှာ ''အသက်ကယ်စစ်ဆေးမှု''အစီအစဉ်ဟု ထုတ်ဖော်ပြောကြားထားပြီး၊ ကွင်းအတွင်းသို့ ပရိသတ်များ(အကန့်အသတ်ဖြင့်ဖြစ်စေ)ပြန်လည်ဝင်ရောက်နိုင်ရန် ဆန္ဒပြင်းပြနေသည့် ပရီးမီးယားလိဂ်တာဝန်ရှိသူများက ယင်းအစီအစဉ်ကို မျက်စိကျနေခြင်းဖြစ်သည်။
သို့သော် ယင်း မိနစ်(၉၀)ကြာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုအစီအစဉ်ကို သုံးစွဲရန် အဆောတလျင်ကြိုးစားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာမှသာ သုံးစွဲမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ဂျာမနီနိုင်ငံတွင်မူ ပြီးခဲ့သည့် အင်္ဂါနေ့က ကလပ်အသင်းများ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး လာမည့်ရာသီသစ်တွင် ဘွန်ဒစ်လီဂါနှင့် ဘွန်ဒစ်လီဂါ-၂ အတန်းနှစ်ခု၌ ပရိသတ်များကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပြုရန် သဘောတူခဲ့ကြသည်။
သို့သော် ယင်းအတန်းနှစ်ခုရှိ ကလပ်အသင်း(၃၆)သင်းစလုံးမှ ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ရရန်အတွက် နိုင်ငံအတွင်းရှိ ပြည်နယ်အစိုးရအသီးသီးထံမှ ခွင့်ပြုချက်ရရှိရန် လိုအပ်ကြောင်း သိရသည်။









