ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ လမ်းပတ်က မိမိ၏အသင်းသည် ခံစစ်ပိုင်းတွင် တိုးတက်လာရန်လိုအပ်နေသေးသည်ဟု ဝန်ခံခဲ့သော်လည်း တိုက်စစ်အသားပေးကစားဟန်ကိုသာ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လမ်းပတ်၏အသင်းသည် ယခုရာသီ ပြိုင်ပွဲစုံတွင် ပေးဂိုး (၇၅)ဂိုးအထိရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဆက်လက်ကစားရဦးမည်ဖြစ်သည်။
လမ်းပတ်က "ကိန်းဂဏန်းတွေက မလိမ်ပါဘူး။ ကျွန်တော်တို့ရဲ့ခံစစ်က တိုးတက်ဖို့ လိုနေပါသေးတယ်။ ဒါပေမဲ့ ဒီအသင်းဟာ အခုအချိန်မှာ ထိပ်တန်းရောက်နေတဲ့ လီဗာပူးလ်၊ မန်စီးတီးတို့ရဲ့ အစောပိုင်းဖြတ်သန်းမှုမျိုးကို ကြုံတွေ့နေတာပါ။ သူတို့လိုအဆင့်ကို ရောက်၊ မရောက်ဆိုတာ မပြောနိုင်ပေမယ့် ဒီအသင်းတွေလည်း ကျွန်တော်တို့ လက်ရှိကြုံရတဲ့အဆင့်မျိုးကို ဖြတ်သန်းခဲ့ရပါတယ်။ ကလော့ပ်နဲ့ ဂွါဒီယိုလာတို့လည်း ဂိုးတွေအများကြီးပေးခဲ့ရပါတယ်။ ကျွန်တော့်အတွက်တော့ ဒီအသင်းဟာ အခုမှ အထိုင်ချဖို့ ကြိုးစားနေဆဲပါ။ ကျွန်တော်တို့သွားနေတဲ့ လမ်းကြောင်းကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခံစစ်ကို ပိုတိုးတက်လာဖို့အတွက်တော့ ကြိုးစားသွားမှာပါ။ အုပ်စုဖွဲ့အလုပ်လုပ်ပုံက ကောင်းနေပါတယ်။ ကျွန်တော်တို့ တိုးတက်ဖို့လိုအပ်နေတာက ခံစစ်ပိုင်းပဲရှိပြီး၊ တစ်ဦးချင်းအမှားတွေလည်း များနေပါသေးတယ်" ဟု ဆိုခဲ့သည်။









