တောင်ထိပ်ပေါ်က လူများ

တောင်ထိပ်ပေါ်က လူများ
Published 2 August 2020
မြတ်သစ်

လက်ဘနွန်မြောက်ပိုင်း အက်ကာမြို့တွင် သတို့သမီးဝတ်စုံဆိုင် ဖွင့်ထားသော ဆူဇန်မာမွတ်သည် သတို့သမီးဝတ်စုံဆိုင် ဖွင့် လှစ်ထားသည်မှာ ၁၅ နှစ်ရှိပြီဖြစ်သည်။ ယခုနှစ်တွင် စီးပွားရေး ကျပ်တည်းလာသဖြင့် လူတွေ သူ့ဆိုင်မှ ပစ္စည်းတွေ မဝယ်ယူနိုင် ကြတော့ဘဲ ပြန်ရောင်းချနေတာ တွေ့နေ ရသည်။

“ပြန်ရောင်းတဲ့လူတွေရဲ့ မျက်နှာမှာ သောကတွေ မြင်နေရတယ်။ သူတို့ ရောင်းချ နေတာကို မဝယ်ဘူးလို့ ပြောရမှာ ခက်ခဲနေပါ တယ်။ တချို့က မင်္ဂလာဆောင်မယ့် သတို့ သမီးတွေ သူတို့မျက်ဝန်းထဲမှာ မျှော်လင့် ချက် ကုန်ခန်းနေတာ မြင်နေရတယ်”ဟု ဆိုင်ပိုင်ရှင် ဆူဇန်မာမွတ်က ပြောကြားခဲ့ သည်။

ပြီးခဲ့သည့် မတ်လကတည်းက စား သောက်ကုန်ပစ္စည်းတွေ သုံးဆမြင့်တက် သွားသည်။ လက်ဘနွန်နိုင်ငံသုံး ငွေကြေး တန်ဖိုးသည် ရာခိုင်နှုန်း ၈၀ ထိ ကျဆင်းသွား သည်။ အလုပ်အကိုင်ရှိသူများပင်လျှင် အခက်အခဲတွေ ကြုံနေရသည်။ ကုန်တိုက် တွေမှာ ဝယ်သူမရှိ၊ ခြောက်ကပ်နေသည်။ ဆင်းရဲမွဲတေမှုက ဒီရေလို မြင့်တက်နေသည်။ ရာဇဝတ်မှုက ထူပြောသည်ထက် ထူပြော လာသည်။

လက်ဘနွန်ပြည်သူတွေသည် ပြည်တွင်း စစ်ဒဏ်နှင့် ရင်ဆိုင်နေကြသည်ဖြစ်ရာ သည်ထက်ပိုပြီး ဆင်းရဲဒုက္ခရောက်စရာ မရှိ တော့ဟု ယူဆထားကြသည်။ နိုင်ငံရေးသမား ဆိုသူတွေကလည်း ၁၉၉၀ ပြည့်နှစ်က စတင် ခဲ့သော ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင် သေး။ နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ပြည်သူများအဖို့ကတော့ လက်ရှိ အစိုးရ၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေကို သိသိကြီး ကြီးနှင့် အောင့်အီးသည်းခံနေရသည်။ အာ ဏာလုံးဝမရှိသည့် အစိုးရ၊ လိုင်ရာငွေကြေး တန်ဖိုး ထိုးကျနေမှုကို လက်ပိုက်ကြည့်နေ သည့်အစိုးရ။

စားသောက်ကုန်နှင့် အဝတ်အထည်တွေက ပြည်ပမှနေ၍ မှာယူတင်သွင်းရခြင်း ကြောင့် ယင်းကုန်ပစ္စည်းတန်ဖိုးတွေ တစ်နေ့ ထက် တစ်နေ့ မြင့်တက်နေသည်။ အခွင့်ထူး ခံနိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ သည် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်း လဲရေး မူဝါဒများကို ဆန့်ကျင်ကြသည်။ လက် တစ်ဆုပ်စာမျှသော အခွင့်ထူးခံ လူတန်းစား တွေသည် နိုင်ငံရေးနှင့် စီးပွားရေးကို ခြယ် လှယ်နေကြသည်။ အစိုးရလုပ်ငန်းတွေမှာ ဆွေမျိုးသားချင်းတွေပဲ ခန့်အပ်ထားသည်။ ဘဏ်လုပ်ငန်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း တွေမှာလည်း အုပ်စိုးသူ လူတန်းစား၏ ဆွေ မျိုးများ၊ အဆက်အနွှယ်များပဲ ရောက်ရှိနေ ကြသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနတွင် နှစ်ပေါင်း ၂၀ နီးပါး ညွှန်ကြားရေးမှူးချုပ် တာဝန်ယူ ထားခဲ့သော အာလိန်ဘီဖာနီသည် ဇွန်လ တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့မှနေ၍ ထောက်ပံ့ငွေ များ ရယူရေးနှင့် ပတ်သက်၍ အစိုးရနှင့် သဘောထားချင်း မတိုက်ဆိုင်၍ ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ဘေရွတ်မြို့တောင်ပိုင်းရှိ ဟာဗာရာ လမ်းပေါ်မှာ အယ်-မာဒီနာပြဇာတ်ရုံရှိ သည်။ ပြဇာတ်ဒါရိုက်တာ နီဒါအယ်အက် ချာသည် အခန်းထဲမှာ ငုတ်တုတ်ထိုင်နေ သည်။ မီးမကြာခဏ ဖြတ်ထားခံရသဖြင့် ဇာတ်ရုံမှာ မှောင်မိုက်နေသည်။ ကိုရိုနာ ဗိုင်း ရပ်စ်ကြောင့် ဇာတ်ရုံပိတ်ထားရသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီ။

 “စစ်ပွဲပြီးသွားချိန်မှာ ပါဝင်ပတ်သက် သူတွေဟာ စားပွဲဝိုင်းမှာ မျက်နှာချင်းမဆိုင် ကြဘူး။ ခု အဲဒီလူတွေ တိုင်းပြည်အုပ်ချုပ် နေကြတယ်။ လက်ရှိ အုပ်ချုပ်သူတွေက စတင် ခိုးနေကြပြီ။ ငွေကြေး၊ အာဏာ၊ ဘာ သာရေးကို ကိုင်စွဲပြီး သူတို့တတွေ တိုင်းပြည် အုပ်ချုပ်ခဲ့ကြတာ ဖြစ်တယ်”ဟု ပြဇာတ် ဒါရိုက်တာ အယ်-မာဒီနာက ပြောသည်။

ဘေရွတ်မြို့သည် ဘာမျှော်လင့်ချက် မျှမရှိ။ မည်သူတစ်ဦးတစ်ယောက်မှ အစိုးရ ကို မယုံကြည်ကြ။ ပြည်သူတွေမှာ ဘာအိပ် မက်မျှမရှိ။ အိပ်မက် မက်ဖို့ရာလည်း အင်မ တန် ခက်ခဲနေသည်။ အဓိကတော့ ပြည်သူ တွေမှာ စားစရာမရှိ။ လျှပ်စစ်မီးမရှိ။ ဒုက္ခ ပင်လယ်ဝေနေသည့် ဘဝရောက်နေကြရ သည်က အခြေခံလူတန်းစားများ၊ အုပ်ချုပ်ခံ လူတန်းစားဖြစ်ကြသည်။ သူတို့၏ ဘဝက တစ်ခု၊ တစ်လောကဖြစ်သည်။

ကျန်ဘဝ တစ်လောကကတော့ လူ တစ်စုနှင့်ပတ်သက်သည်။

ပနားမားဦးထုပ်၊ အဖိုးတန်နေကာ မျက်မှန်၊ ရှန်ပိန်ပုလင်း၊ ဇိမ်ခံကားများ စီးနိုင် သူတွေသည် စီးပွားရေး အကျပ်အတည်း ဖြစ်နေသည်ကို ဥပက္ခာပြုထားကြပြီး တောင် ပေါ်မြို့လေးကို ရောက်နေကြသည်။ ဇိုင်နာ အယ်ခါလီသည် နွေရာသီ အပူရှောင်ဖို့ တောင်ပေါ်စခန်း ရောက်နေသူဖြစ်သည်။

“ဘေရွတ်မြို့မှာ နေရတာ ပူလဲပူ၊ အရမ်း စိတ်ပျက်စရာကောင်းတယ်။ တောင် ပေါ်မြို့လေး ရောက်နေတာ ကျွန်မအဖို့ နိုင်ငံခြားရောက်နေသလို ခံစားနေရပါတယ်” ဟု ဇိုင်နာက ပြောသည်။

ပြည်သူတွေ ဆင်းရဲမွဲတေနေချိန်တွင် လက်ဘနွန်နိုင်ငံမှာ ငွေကြေးချမ်းသာကြ သောကြေးရတတ် နှစ်ရာခန့်သည် မိသားစု များနှင့်အတူ မြေထဲပင်လယ် ရေမျက်နှာပြင် အထက်ပေ ၅၂၅၀ မြင့်သော Faqra သို့ ရောက်နေကြခြင်းဖြစ်သည်။ ဤတောင်ပေါ် တွင် အဖွဲ့ဝင်များသာ သီးသန့်တည်းခိုနိုင် သည့် ကလပ်တစ်ခုကို ဖွဲ့ထားသည်။ ယင်း ကလပ်အမည်က Faqra ဖြစ်သည်။

“အရင်နှစ်တွေကတော့ ကျွန်မတို့ တတွေ နိုင်ငံခြားသွားပြီး အပန်းဖြေကြတယ်။ ဒီနှစ်တော့ စီးပွားရေး အကျပ်အတည်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ပြည်ပ မသွားဖြစ်တော့ဘူး”ဟု အသက် ၅၀ ရှိနေ သည့် ဇိုင်နာက ပြောပြသည်။

Faqra ကလပ်သည် တောင်ပေါ် အပန်းဖြေစခန်းတစ်ခုဖြစ်သည်။ ‘တောင်ထိပ်ပေါ်က ဘဝ” ဟု ကလပ်နှင့် ပတ်သက် ၍ တရားဝင် ဝက်ဆိုက်ဘ်တွင် ဖော်ပြထား သည်။ ကလပ်တည်ရှိရာ နေရာတွင် တန်ဖိုး ကြီး ဇိမ်ခံကားတွေ တန်းစီရပ်ထားသည်။ ကလပ်တွင် မြင်းဇောင်းရှိသည်။ တင်းနစ် ကစားကွင်းရှိသည်။ 90 ရုပ်ရှင်ရုံရှိသည်။  ရေကူးကန် နံဘေးတွင် နေပူဆာလှုံနေသူ များ၊ ကောက်တေးသောက်နေသူများသည် သာယာညှင်းပျောင်းသော ဂီတသံကို နား ဆင်ရင်း အပန်းဖြေနေကြသည်။

“ဘဝဆိုတာကတော့ ရှေ့ဆက်နှင်ရ မယ့် ခရီးပါပဲ။ ကျွန်မကတော့ အိမ်ထဲမှာ ပိတ်လှောင်ထားခံရတာ မုန်းတယ်”ဟု အသက် ၂၆ နှစ်အရွယ်ရှိ ရှေ့နေဖြစ်သူ ဆာ ရာက ပြောပြသည်။

ပြည်သူတွေ စီးပွားရေး အကျပ်အတည်း ဒဏ် ရင်ဆိုင်နေရချိန်တွင် Faqra ကလပ် ရောက်ရှိနေကြသူ လက်တစ်ဆုပ်စာ လူ တစ်စုကတော့ စီးပွားရေးအတွက် ဘာအပူ ပင်မှ ဖြစ်စရာမလို။ တိုင်းပြည်စီးပွားရေး မကောင်းတာ သူတို့နှင့် ဘာမှမပတ်သက်။

တောင်ပေါ်စခန်းတွင် စားသောက် ဆိုင်တွေ၊ ဘားတွေ အရောင်းအဝယ်မပျက် စည်ကားနေသည်။ အရက်ဆိုင်  ပိုင်ရှင် ဘာ လင်ဟီလေဝါကတော့ သူ့ဆိုင်မှာ အရက် ပုလင်းလာဝယ်နိုင်ကြသူတွေသည် ငွေကြေး အတွက် ဘာမှပူပန်စရာ မလိုကြသူတွေဖြစ် ကြတာကို ကောင်းကောင်း သဘောပေါက် ထားသည်။

“ဖောက်သည်တွေဟာ ကိုရိုနာဗိုင်း ရပ်စ်ရောဂါနဲ့ စီးပွားရေးပျက်ရောဂါကို မခံ ရတဲ့ လူတွေဖြစ်ကြတယ်။ ဒီလာတဲ့ လူတချို့ ဆိုရင် နိုင်ငံခြားဘဏ်မှာ ငွေအပ်နှံထားတဲ့ လူတွေဖြစ်ကြတယ်”ဟု ဆိုင်ပိုင်ရှင် ဘာလင် က ပြောပြသည်။

လက်ဘနွန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ဆိုင်ထောင်ပေါင်းများစွာ ပိတ်ထားရသည်။ သို့ပေမဲ့ တောင်ပေါ်စခန်း ရှိ ဆိုင်တွေကတော့ အရောင်းအဝယ် မပျက် စည်ကားလျက်ရှိသည်။

Faqra ကလပ်၏ အဓိကဟုဆိုရမည့် Auberge de Faqraဟိုတယ်သည် ရုံးပိတ် ရက်များတွင် အခန်းလွတ်မရှိ၊ လူပြည့်နေ သည်။ လက်ဘနွန်နိုင်ငံရှိ အခြားခြားသော ဟိုတယ်များကတော့ စီးပွားရေးမကောင်း သဖြင့် ပိတ်ထားကြသည်။ ဤဟိုတယ်တွင် တစ်ညတည်းခိုခမှာ ဒေါ်လာ ၅၃၀ ဖြစ် သည်။

“ဒီလာတည်းတဲ့ ဧည့်သည်တွေက ဒေါ်လာကိုင်တဲ့ လူတွေချည်းပဲ။ ဒေါ်လာနဲ့ ပေးချေရတော့ သက်သာတာပေါ့”ဟု ဟို တယ်တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

Faqra တွင် စီးပွားရေး ကောင်းမွန်နေ သည်ကို ပထမက လူတွေ သိပ်မသိကြ။ သို့သော် ဇူလိုင်လဆန်းပိုင်းတွင် ဟိုတယ်၌ တည်းခိုနေသည့် ဆယ်ကျော်သက်တစ်ဦး က ဒေါ်လာကိုင်ထားပုံကို ရုပ်သံမှာ ပြသပြီး ကတည်းက လူပိုသိလာသလို ဝေဖန်သံတွေလည်း သောသောညံသွားခဲ့သည်။ တိုင်းပြည် စီးပွားရေး ကျဆင်းနေပြီး ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်နေချိန်တွင် အခွင့်ထူးခံ လူတန်းစားတွေက ဒေါ်လာကိုင်ပြီး သုံးဖြုန်းနေတာ ကို လူအများသိရှိသွားခဲ့သည်။

Faqra ကလပ်ပိုင်ရှင်ကတော့ မိမိတို့ ကလပ်သည် သူဌေးတွေအတွက် ဖွင့်ထားတာ မဟုတ်ကြောင်း၊ မိမိ ကလပ်တွင် ဝန်ထမ်း ၂၀၀ ခန့်ရှိကြောင်း၊ ဝန်ထမ်းတွေထဲမှာ ကျောင်းသားတွေ ပါကြောင်း ကာကွယ်ပြော ကြားခဲ့သည်။ မိမိတို့သည် ဘဝရပ်တည်ရေး အတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကလပ်ပိုင်ရှင် လီလီဟန်နီရာမီ၏ ပြောကြား ချက်သည် လက်ဘနွန် ပြည်သူများအတွက် ကတော့ ရယ်စရာကောင်းနေသည်။ လက်တစ်ဆုပ်စာ လူတစ်စု ကိုယ်စားပြုသော စီး ပွားရေးသည် အခြေခံ လူတန်းစားတစ်ရပ် လုံးအတွက် မဟုတ်တာကို ပြည်သူတစ်ရပ်လုံးက ကောင်းစွာ သိရှိထားသည်။

Most Read

Most Recent