COVID ကာလ ထောက်ပံ့ငွေနှင့် နိုင်ငံရေးမဲဆွယ်ခြင်း မဖြစ်ရန်လိုပါသည်

COVID ကာလ ထောက်ပံ့ငွေနှင့် နိုင်ငံရေးမဲဆွယ်ခြင်း မဖြစ်ရန်လိုပါသည်
မြို့နယ်တစ်ခုအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများကို ဧပြီ ၁၁ ရက်က စားနပ်ရိက္ခာထောက်ပံ့စဉ်
မြို့နယ်တစ်ခုအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများကို ဧပြီ ၁၁ ရက်က စားနပ်ရိက္ခာထောက်ပံ့စဉ်
Published 2 August 2020
သတင်းအဖွဲ့

မြန်မာနိုင်ငံတွင် မတ် ၂၃ ရက် စတင်ပြီး COVID-19 ရောဂါပိုး ကူးစက်ခံရသူတွေကို စတင်တွေ့ရှိခဲ့သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ မတ် ၁၁ ရက်က စတင်ကြေညာခဲ့သည်။

ထို့ကြောင့် အစိုးရက ဇန်နဝါရီ ၃၀ ရက်တွင် ဖွဲ့စည်းထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို မတ်လ ၁၃ ရက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား ဗဟိုကော်မတီအဖြစ်သို့ တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်မှုတွင် လူစုလူဝေးများနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် စသည့်အချက်များ ပါဝင်သော တားမြစ်ချက်များကိုလည်း ၁၅ ရက်တစ်ခါ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည်မှာ အချိန်လေးလကျော်ရှိခဲ့ပြီဖြစ်သည်။ အဆိုပါအချိန် လေးလကျော်ကာလအတွင်း အစိုးရအနေဖြင့် အခြေခံလူတန်းစားများကို ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၆ ရက်က မြန်မာနိုင်ငံ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလ ဧပြီ ၁၀ မှ ၁၉ အထိ ၁၀ ရက်တာအတွင်း အခြေခံလူတန်းစားများကို ဆန်၊ ဆီ၊ ဆားကဲ့သို့ အခြေခံစားသောက်ကုန် ငါးမျိုးကို အစိုးရက ထောက်ပံ့ကူညီပေးသွားမည်ဟု ပါရှိသည်။

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ဆန် ရှစ်ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား၊ ပဲ တစ်ပိဿာ၊ ကြက်သွန် တစ်ပိဿာ၊ စုစုပေါင်း ငါးမျိုးကို ဧပြီ ၁၀ မှစ၍ အခမဲ့ဖြန့်ဝေသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများအနေနှင့်လည်း ဧပြီလကုန်သည်အထိ ဓာတ်အားသုံးစွဲမှု ‘ယူနစ် ၁၅၀’ အထိ အခမဲ့ပေးသွားမည်ဟု ပါရှိသည်။ သို့သော် သံရုံးများ၊ ကုသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှာ အခမဲ့ ပေးမည့်အထဲ ပါဝင်မည်မဟုတ်ပေ။

အခြေခံစားသောက်ကုန်များကို အခမဲ့ဖြန့်ဖြူးရာတွင် ‘မလိုလားအပ်သော လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် တိုင်းနှင့် ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှု’ နှင့် ဌာနဆိုင်ရာများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစိုးရက ထုတ်ပြန်သည်။

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအဖြစ် (၁) ပျံကျစျေးသည် (ခေါင်းရွက်၊ ဗျပ်ထိုး)၊ (၂) အနှေးယာဉ်လုပ်သား၊ (၃) ကျပန်းလုပ်သား (ပန်းရံ၊ လက်သမား၊ ကုန်ထမ်း)၊ (၄) ရေလုပ်သား (တံငါ) ၊ (၅) သမ္ဗာန်/ကူးတို့သမား၊ (၆) အလုပ်ကြမ်းသမား (ကျောက်ခွဲ၊ ဂဝံတူး၊ မြေတူး၊ အုတ်ဖုတ်)၊ ပျိုးနုတ်၊ ကောက်စိုက်၊ ခြံလုပ်သား စသည်တို့ကို အစိုးရက သတ်မှတ်ခဲ့သည်။

သင်္ကြန်ပိတ်ရက်အတွင်း လက်လုပ်လက်စား အခြေခံလူတန်းစားများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ အခြေခံရိက္ခာငါးမျိုးကို ဝေငှခဲ့ရာတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု လေးသန်းနီးပါးအတွက် ဘဏ္ဍာငွေကျပ် ဘီလျံ ၅၀ ကို အသုံးပြုခဲ့သည်။

 

ဒုတိယအကြိမ် ထောက်ပံ့မှု

COVID-19 ကာလ အခြေခံလူတန်းစားများကို အစိုးရက စားသောက်ကုန်များ ဝေငှပေးခဲ့ရာတွင် အောက်ခြေတွင် အငြင်းပွားမှုများရှိခဲ့၍ နောက်တစ်ကြိမ်တွင် ငွေကြေးထောက်ပံ့မှုကို ပြုလုပ်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံးက အွန်လိုင်းမှတစ်ဆင့် မေ ၁၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ်ပတ်အတွင်း စတင်နိုင်ရန် ပြင်ဆင်နေသလို ပြည်သူများထံ တိုက်ရိုက်ရောက်နိုင်မည့် မိုဘိုင်းပေးချေမှုစနစ်များကိုလည်း အသုံးပြုမည်ဟုလည်း ၎င်းက ဆိုသည်။

“ အခြေခံရိက္ခာ ငါးမျိုးပုံစံ မဟုတ်တော့ဘဲ အိမ်ထောင်စုတိုင်းကို ငွေကြေးထောက်ပံ့ဖို့ ဖြစ်ပါတယ်။ ဒီလိုထောက်ပံ့တဲ့အခါမှာလည်း Payment အနေနဲ့ ဥပမာ Wave money တို့၊ KBZ Pay တို့ စသဖြင့် မိုဘိုင်းဖုန်းတွေကတစ်ဆင့် ပေးလို့ရတဲ့ အိမ်ထောင်စုတွေအရောက် တိုက်ရိုက်ပေးလို့ရတဲ့ ငွေကြေးထောက်ပံ့မှုကို ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ထိုနည်းလမ်းဖြင့် ထောက်ပံ့ပေးမှုများ ပြုလုပ်နိုင်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုဘဏ် စသည်တို့နှင့် ညှိနှိုင်းဆောင်ရွက်နေပြီး မြို့နယ်များအလိုက် အသုံးပြုမှုများသော မိုဘိုင်းပေးချေမှုစနစ်များ၊ ကျေးရွာများအထိ ရောက်ရှိပျံ့နှံ့နေသည့် မိုဘိုင်းပေးချေမှုစနစ်များကို လေ့လာနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ အွန်လိုင်း Payment လုပ်တဲ့အခါ အေးဂျင့်တွေ ဆီသွားပြီးတော့ တယ်လီဖုန်းထဲမှာ ပြပြီးတော့ Passward တောင်းတဲ့အခါမှာ ရိုက်ထည့်ပြီးတော့ ငွေကြေးထုတ်တဲ့ အေးဂျင့်တွေရဲ့ အခြေအနေလေးကို မေးမြန်းတယ်ပေါ့။ မကြာခင်ကာလမှာ ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

သင်္ကြန်ပိတ်ရက်အတွင်း လက်လုပ်လက်စား အခြေခံလူတန်းစားများကို ဝေငှခဲ့သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ အခြေခံရိက္ခာ ငါးမျိုး၏ တန်ဖိုးကို ဒေသစျေးနှုန်းများအလိုက် ကျပ် ၁၅၀၀၀ မှ ၁၈၀၀၀ ကြား တန်ဖိုးဖြတ်၍ ယခုတစ်ကြိမ် ထောက်ပံ့မှုတွင် ယင်းငွေကြေး၏ နှစ်ဆ ထောက်ပံ့မည်ဟု ၎င်းက ပြောကြားသည်။

“ ကျွန်တော်တို့ မှန်းတာကတော့ ရိက္ခာငါးမျိုးကတော့ ၂၀၀၀၀ မကျော်ဘူး။ တချို့နေရာတွေမှာ ၁၈၀၀၀၊ တချို့ဒေသမှာ ၁၂၀၀၀၊ တစ်ချို့ဒေသမှာ  ၁၅၀၀၀ ဒီလိုမျိုး ကုန်ကျတာတွေရှိတယ်။ အခု ကျွန်တော်တို့ မှန်းတာကတော့ သုံးသောင်း၊ လေးသောင်းလောက်အထိ မှန်းတယ်။ အဲဒီလိုမျိုးပေးဖို့အထိ မှန်းထားတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

သင်္ကြန်ပိတ်ရက်အတွင်း လက်လုပ်လက်စား အခြေခံလူတန်းစားများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ အခြေခံရိက္ခာငါးမျိုးကို ဝေငှခဲ့ရာတွင် အမှန်တကယ် လိုအပ်နေသည့် အခြေခံလူတန်းစားများ မရရှိခြင်း ကိစ္စရပ်များအပါအဝင် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုအချို့ ရှိခဲ့သည်။

ငွေကျပ်နှစ်သောင်းအား အိမ်တိုင်ရာရောက်ပေးအပ်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး ပါဝင်ပေးအပ်နေစဉ်

ဝေဖန်မှုအချို့

အစိုးရက အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းကို အိမ်တိုင်ရာရောက် ပေးအပ်ရာတွင် ကော့မှူးမြို့နယ်၌ NLD ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပါဝင်ပေးအပ်မှုဖြစ်စဉ်အပေါ် နိုင်ငံရေးပါတီအချို့နှင့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအချို့က ဝေဖန်ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးကပ်ချိန်တွင် အာဏာရပါတီမှ ကိုယ်စားလှယ်အချို့၏ ယင်းသို့ဆောင်ရွက်မှုများက မဲဆွယ်စည်းရုံးသည့်သဘောမျိုး ယူဆ၍ရကြောင်း ထောက်ပြဝေဖန်ကြခြင်း ဖြစ်သည်။

ဇူလိုင် ၂၆ ရက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အစိုးရက ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းကို အိမ်တိုင်ရာ ရောက်ပေးအပ်ရာတွင် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက ရပ်/ ကျေး အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြည်သူ့ပါတီမှ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးညိုထွန်းက “နံပါတ် (၁) အချက်ကတော့ဗျာ မဲဆွယ်ကာလ မဟုတ်ဘဲ မဲဆွယ်သလိုလုပ်တယ်ပေါ့။ နံပါတ် (၂) အချက်က အဲဒီပိုက်ဆံဟာ နိုင်ငံတော်ပိုက်ဆံလား၊ အဲဒီ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ပိုက်ဆံလားဆိုတာ မေးခွန်းထုတ်ရမယ်။ သူ့ပိုက်ဆံဆိုရင်တောင်မှ အဲဒါ မဲဆွယ်တာပဲလေ။ နိုင်ငံတော်ပိုက်ဆံဆိုရင် ပိုဆိုးတာပေ့ါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို ထိခိုက်တာပဲ” ဟု ဝေဖန်ပြောကြားသည်။

အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ်အဖြစ် ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အပါအဝင် တာဝန်ရှိသူများက ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ကာ ၎င်းတို့မှတစ်ဆင့် အိမ်ထောင်စုများထံ လက်ဝယ်အရောက် ပေးအပ်ခြင်းဖြစ်သည်။

ထိုသို့ အိမ်ထောင်စုများအား သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က အိမ်တိုင်ရာရောက်ပေးအပ်ရာတွင် အချို့သောမြို့နယ်များ၌ NLD ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ ပါဝင်ပေးအပ်ခြင်းနှင့် အချို့သောမြို့နယ်များတွင် ရပ်ကွက်ရုံး၌ ပေးအပ်စဉ် ပါဝင်ပေးအပ်မှုများ ရှိသည်။

လက်ရှိရက်ပိုင်းတွင် အစိုးရ ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းကို အခြေခံလူတန်းစားအိမ်ထောင်စုများထံ စတင်ပေးအပ်လျက်ရှိရာ ဇူလိုင် ၂၉ ရက်က မကွေးတိုင်းဒေသကြီး သရက်မြို့နယ်တွင်လည်း NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်အတူ အိမ်ထောင်စုအချို့အား ရပ်ကွက်ရုံး၌ ထောက်ပံ့ငွေပေးအပ်ရာတွင် ပါဝင်ပေးအပ်ခဲ့သည်။

COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ မြို့နယ်အဆင့် ကော်မတီများရှိရာ ယင်းကော်မတီများတွင် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ပါဝင်သည်ဆိုလျှင် မဲဆွယ်စည်းရုံးသည်ဟု ပြောဆိုရန် ခက်ခဲသော်လည်း ကော်မတီတွင် ပါဝင်ခြင်းမရှိဘဲ ဝင်ရောက်ပေးအပ်သည်ဆိုလျှင် စည်းရုံးရေးလုပ်ဆောင်သည်ဟု ရှုမြင်နိုင်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

“ ကော်မတီထဲမှာ ကိုယ်စားလှယ် ပါ မပါတော့ မသိဘူး။ ကော်မတီထဲမှာ ကိုယ်စားလှယ်ပါတယ်ဆိုရင်တော့ မဲဆွယ်ပြီးတော့ပေးတယ်ဆိုတာ ပြောရခက်တာပေါ့။ COVID ကော်မတီထဲမှာ ကိုယ်စားလှယ်က မပါဘဲနဲ့ သူ့ဘာသာလိုက်ပေးတာဆိုရင်တော့ စည်းရုံးရေးလုပ်တယ် ပြောလို့ရတယ်” ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ကော့မှူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အိမ်တိုင်ရာရောက် အစိုးရထောက်ပံ့ငွေ ပေးအပ်ရာတွင် ပါဝင်သည့်အပေါ် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် House of Orchid ပိုင်ရှင် ဦးဌေး အောင်က “ အစ်မ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအနိုင်ရဖို့ မတရားသော နည်းလမ်းများကို မသုံးစေလိုပါ” ဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဇူလိုင် ၂၉ ရက်က ရေးသားထားသည်။

ကော့မှူးမြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီတွင် ကော်မတီနာယက တစ်ဦးအနေဖြင့် ပါဝင်လျက်ရှိခြင်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ထောက်ပံ့ငွေ ပေးအပ်ရာတွင် ပါဝင်ရန် ဖိတ်ကြားခံရမှုကြောင့် ပါဝင်ပေးအပ်ခြင်းဖြစ်သည်ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာအေးက ဝေဖန်မှုများနှင့်ပတ်သက်၍ ရှင်းလင်းသည်။

“ ဒါကတော့ ဝေဖန်နေတာတော့ ပြောနေကြတာပေါ့နော်။ တကယ်တော့ ဒါကအစိုးရရဲ့ ထောက်ပံ့မှုပေးတဲ့အချိန်မှာ ကျွန်မတို့က လက်ရှိကိုယ်စားလှယ်ဖြစ်နေတဲ့အတွက် လက်ရှိကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဖိတ်ကြားတဲ့အတွက် တက်ရောက်တာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးတာ မဟုတ်ပါဘူး” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက ပြောကြားသည်။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့်အတွက် မြို့နယ်တွင်း ဒေသဖွံ့ဖြိုးရေးကိစ္စအပါအဝင် အခြားသော ဆောင်ရွက်စရာများတွင် ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အားသာချက်ရှိမည်ဟု အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ New Myanmar Foundation ၏ ရွေးကောက်ပွဲဆိုင်ရာအကြံပေး မမြနန္ဒာသင်းက ပြောကြားသည်။

“ ဥပဒေပိုင်း၊ ကျင့်ဝတ်ပိုင်း ချိုးဖောက်တယ်၊ မဖောက်ဘူးဆိုတာတော့ မဲဆွယ်စည်းရုံးရေးကာလ မဟုတ်သေးတဲ့အတွက် သူက ဒီဟာကြီးကိုပေးပြီးတော့ ကျွန်မက ဝင်ပြိုင်မှာပါ။ အဲဒီအတွက် ကျွန်မကို မဲပေးပါဆိုတာမျိုး ပြောနေလား။ မပြောနေလား အစ်မတို့ မသိဘူး။ ဥပမာ ဟိုလိုမျိုးလည်း ရှိနိုင်တာက ဒါက နိုင်ငံတော်အစိုးရက ထောက်ပံ့တယ်။ သူက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လာပေးတယ်။ အဲဒီလိုအနေအထားမျိုးလည်း ရှိနိုင်တယ်။ သူ့ရဲ့ ဘယ်လိုပြောဆိုသွားလဲဆိုတဲ့အပေါ်မှာ မူတည်မယ်ထင်တယ်” ဟု မမြနန္ဒာသင်းက ပြောကြားသည်။

ဇူလိုင် ၂၆ ရက်က ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက်ရုံး၌ အိမ်ထောင်စုများအား ကျပ်နှစ်သောင်းပေးအပ်မှု အွန်လိုင်းတွင်ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်

မဲဆွယ်စည်းရုံးသည့်သဘော မဖြစ်ရန်လို

အစိုးရက အခြေခံလူတန်းစားများအား COVID-19 နှင့်ပတ်သက်၍ ထောက်ပံ့မှုများသည် နိုင်ငံရေး ပါတီတစ်ခုအတွက် မဲဆွယ်စည်းရုံးသည့်သဘောမျိုးမဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြပြောကြားသည်။

လက်ရှိတွင် COVID-19 ကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား အစိုးရက ဒုတိယအကြိမ် ထောက်ပံ့သည့် ငွေကျပ် နှစ်သောင်းအား ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူများက ရပ်ကွက်ရုံးများ၌လည်းကောင်း၊ အိမ်တိုင်ရာရောက်သွားရောက် ပေးအပ်ခြင်းဖြင့်လည်းကောင်း ပြုလုပ်လျက် ရှိသည်။

ထိုသို့ထောက်ပ့ံပေးအပ်ရာတွင် အချို့သောမြို့နယ်များ၌ NLD ပါတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အချို့က ရပ်/ကျေး အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ ပါဝင်ခဲ့မှုနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ ရွေးကောက်ပွဲအကြိုကာလတွင် မဲဆွယ်စည်းရုံးနေသည်ဟု ထင်မြင်ယူဆစရာဖြစ်စေကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ဝေဖန်ပြောကြားသည်။

“ ဒါတွေက ဘာပြောပြော အစိုးရအာဏာကို သုံးပြီးတော့ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတယ်ဆိုတာတော့ သာမန်အသိဉာဏ်နဲ့တောင် အကဲဖြတ်လို့ရတာပဲ” ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ဒုတိယအကြိမ်အဖြစ် ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အပါအဝင် တာဝန်ရှိသူများက ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ကာ ၎င်းတို့မှတစ်ဆင့် အိမ်ထောင်စုများထံ လက်ဝယ်ရောက်ပေးအပ်ခြင်း ဖြစ်သည်။

ထိုသို့ အိမ်ထောင်စုများအား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့မှ အိမ်တိုင်ရာရောက် ပေးအပ်ရာတွင် အချို့သောမြို့နယ်များ၌ NLD ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ ပါဝင်ပေးအပ်ကာ အချို့သော မြို့နယ်များတွင် ရပ်ကွက်ရုံးတွင် ပေးအပ်စဉ် ပါဝင်ပေးအပ်မှုများ ရှိနေခြင်း ဖြစ်သည်။

ထို့ပြင် ဇူလိုင် ၂၆ ရက်က ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက်ရုံး၌ အိမ်ထောင်စုများအား ကျပ် နှစ်သောင်းပေးအပ်မှုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ထွန်းက ထောက်ပံ့ငွေကို မည်သူက ပေးအပ်ကြောင်း ပြောကြားရာ ထောက်ပံ့ငွေ လက်ခံသည့် ပြည်သူများက သမ္မတကြီး ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ပေးခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ပျံ့နှ့ံခဲ့သည်။

အဆိုပါ ရပ်ကွက်ရုံးတွင် အိမ်ထောင်စုများအား အစိုးရထောက်ပံ့သည့် ငွေကြေးပေးအပ်နေစဉ် အမျိုးသမီးတစ်ဦးက NLD အဖွဲ့က ပေးတာပါဟု ပြောဆိုမှုရှိခဲ့သည်ကို အဆိုပါ ဗီဒီယိုဖိုင်အရ သိရသည်။

“ ပြည်သူတွေအနေနဲ့ကတော့ ဝမ်းသာတာပေါ့နော်။ နိုင်ငံတော်က နေပြီးတော့ သမ္မတကြီး ဦးဝင်းမြင့်ရယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရယ် သူတို့ကနေ ဦးစီးပြီး အဆင့်ဆင့် ကျွန်တော်တို့  လက်ထဲကို ရောက်လာတယ်။ ပထမဆုံးအကြိမ်မှာလည်း ကျွန်တော့်ရပ်ကွက်အတွက် ၆၆၁ အိမ်စာပေ့ါနော်။ ပစ္စည်းငါးမျိုးကို သူတို့ ရရှိခဲ့ဖူးတယ်။ အခုအကြိမ်မှာလည်း ဒုတိယအကြိမ်ပေ့ါ ရရှိခဲ့တာ။ ရရှိတဲ့အတွက် သူတို့က အင်မတန်မှ ဝမ်းသာကြည်နူးဖြစ်ပြီးတော့ ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာလူမျိုးတွေ ဖြစ်တဲ့အတွက် သူတို့က ဒီအပေါ်ကနေပြီးတော့ နိုင်ငံတော်သမ္မတကြီးနဲ့  နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုတဲ့ ဆုမွန်ကောင်းတွေ တောင်းကြတာပါ။ အဲဒီထဲမှာ ပြည်သူတစ်ယောက်ရဲ့ အသံက တစ်မျိုးလေး ပါသွားတာရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့က သင်ခဲ့တာလည်းမဟုတ်သလို ပြောခဲ့တာလည်း မဟုတ်ဘူး။ သူ့ရင်ထဲက သူ့ဘာသာ ပေါက်ဖွားပြီး အော်လိုက်တဲ့အသံ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဘာလုပ်ပါဆိုတဲ့ဟာမျိုး ညွှန်ကြားထားတာလည်းမရှိသလို ဘာမှဖိအားပေးတာမျိုးလည်း မရှိဘူး။ ပြည်သူက သူ့ဘာသူ အော်လိုက်တဲ့ ဥစ္စာပါပဲ” ဟု လယ်တီကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ထွန်းက အွန်လိုင်းတွင် ပျံ့နှ့ံခဲ့သည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ The Daily Eleven သတင်းစာကို ပြောကြားသည်။

ယခုကဲ့သို့ ပြည်သူလူထုအား ထောက်ပံ့ငွေသည် အစိုးရက တိုင်းပြည်ဘဏ္ဍာငွေမှ ကျခံသုံးစွဲပေးခြင်း ဖြစ်ရာ အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားအတွက် ရည်ရွယ်သည့် အဓိပ္ပာယ်သက်ရောက်သွားမည်ဆိုလျှင် မူလရည်ရွယ်ချက် ပျောက်ပျက်သွားနိုင်သောကြောင့် သတိထား ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်သူ့ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က အကြံပြုသည်။

၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော်အဆင့် အစိုးရတာဝန်ရှိသူများ ပါတီစည်းရုံးရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခွင့်မရှိသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်ကို ကိုးကားပြီး အခြေခံဥပဒေနှင့် ဆန့်ကျင်သည့် ပါတီစည်းရုံးရေးလုပ်ငန်းများကို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ (သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဆိုလို) ပါဝင်ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ အစိုးရအောက်ခြေပိုင်းမှ တာဝန်ရှိသူများ ပါတီလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်းက အံ့သြစရာမဟုတ်တော့ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ဆိုသည်။

“ အခြေခံဥပေဒနဲ့ပတ်သက်ပြီး ထိပ်ပိုင်းကတောင် အခုလို မညီတာလုပ်ရင် အောက်ခြေပိုင်းက ကျင့်ဝတ်မလိုက်နာတာကတော့ ဒါကတော့ ထမင်းစားရေသောက်လို ဖြစ်သွားပါပြီလို့ ပြောပါရစေ” ဟု ဦးသိန်းညွန့်က ပြောကြားသည်။

COVID-19 ကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် အစိုးရက ဧပြီတွင် ပထမအကြိမ် ထောက်ပံ့မှုအဖြစ် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန် ငါးမျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့သည့် အိမ်ထောင်စုများ ရှိခဲ့သည်။ ယခု ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု ငါး သန်းလေးသိန်းကျော်အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းကို ရပ်ကွက်ရုံးများနှင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံ ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူများက လက်ဝယ်အရောက် လိုက်လံပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်ရာတွင် ရပ်/ ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်က ပါဝင်ပေးအပ်မှုရှိခဲ့ရာ ဝေဖန်မှုများ ရှိခဲ့သည်။

အစိုးရ၏ ထောက်ပံ့ငွေ ပေးအပ်သည့်ဖြစ်စဉ်တွင် အာဏာရပါတီမှ ကိုယ်စားလှယ် ပါဝင်ပေးအပ်ခြင်းက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းဟု ရှုမြင်ကြောင်း  ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်ဘီထူးက ပြောကြားသည်။

“COVID နဲ့ ပတ်သက်သမျှ အလှူငွေတွေ အားလုံးကို ထွေအုပ်ရုံးမှာ လှူခိုင်းတာတို့ ပြည်နယ်အစိုးရ ကိုလှူခိုင်းပြီးမှ အစိုးရကနေပြီးမှပေါ့နော်။ လှူပေးတဲ့ဟာမျိုးပေါ့နော်။ ဆိုတော့ နိုင်ငံရေးပါတီတွေသော်လည်း အရပ်ဘက်အဖွဲ့အစည်းတွေသော်လည်းကောင်းပေါ့နော်။ အလှူ လုပ်ချင်တယ်၊ သွားပြီးလှူချင်တာတောင်မှ ဒါအစိုးရက ခွင့်မပြုတဲ့ဟာမျိုးတွေ၊ ထွေအုပ်က ကန့်သတ်တဲ့ဟာမျိုးတွေ ကျွန်တော်တို့ကိုယ်၌က ကိုယ့်ပြည်သူတွေ ကိုယ့်လူထုတွေကို ပေါ်တင်သွားလှူတာတို့ လုပ်ပိုင်ခွင့် မရတော့တဲ့ဟာမျိုး ဖြစ်သွားတာပေါ့နော်။ အစိုးရက ဒီအလှူငွေတွေကို အသုံးချပြီးမှ သူရဲ့စည်းရုံးရေးတွေကို ပေါ်ပေါ်တင်တင် လုပ်သွားတာပေါ့နော်။ ဒီ COVID ငွေကို အသုံးချပြီးမှ သွားလှူတယ်။ နောက်အစိုးရက လှူတဲ့ပုံစံမျိုးပဲပေါ့။ ပြတယ်ပေါ့။ မူရင်းအလှူရှင်ကို တစ်ခါမှ မဖော်ပြဘဲနဲ့ အစိုးရက လှူတယ်။ တစ်ဖက်မှာက ကျွန်တော်တို့ စိုးရိမ်တဲ့အရာ ရှိသေးတယ်ပေါ့နော်” ဟု ကယားပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေ အချို့နှင့်ပတ်သက်၍ ခွန်ဘီထူးက ပြောကြားသည်။

ကယားပြည်နယ်အတွင်း COVID ကို အသုံးချပြီး၍ အလှူငွေများ အများအပြားပေးနေသည့်အပေါ် မဲဆွယ်စည်းရုံးသည့် အခြေအနေမျိုးဖြစ်သွားခြင်းကို သက်သေပြနေကြောင်း ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ ဒါတော့ မတရားတဲ့အခြေအနေတစ်ခု ဖြစ်နေတယ်လို့တော့ ယူဆတယ်။ အခုချိန်ထိကလည်း COVID ကို အသုံးချပြီးတော့မှ လူစုလူဝေးကို လူ ၁၅ ယောက်လောက်ပဲ ခွင့်ပြုတဲ့အပေါ် ကျွန်တော်တို့ဘက်ကလည်း အတော်လေး စိုးရိမ်မကင်းဖြစ်တယ်” ဟု ခွန်ဘီထူးက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်တွင်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအပါအဝင် ယခုကဲ့သို့ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အားသာချက်ရှိပြီး ယင်းသည် ဥပဒေနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု ဖြစ်၊ မဖြစ်မှာ ကိုယ်စားလှယ်အနေဖြင့် ထောက်ပံ့ငွေ ပေးအပ်ရာတွင် ပြောဆိုသုံးနှုန်းမှုအပေါ် မူတည်မည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော New Myanmar Foundation ၏ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာသင်းက မှတ်ချက်ပြုသည်။

လက်ရှိတွင် COVID-19 ကာလအတွင်း အစိုးရ၏ ထောက်ပံ့ငွေ ပေးအပ်မှုများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်နေသူများအကြားတွင် ဝေဖန်မှုများက မြင့်တက်လျက်ရှိသည်။ အစိုးရအနေဖြင့် အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်မှုအပေါ်တွင် အဓိကဝေဖန်ခြင်းမျိုးမဟုတ်ဘဲ ထောက်ပံ့ငွေ ပေးအပ်မှုများ၌ လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်နေခြင်းဖြစ်သည်။

ထို့ကြောင့် အစိုးရအနေဖြင့် COVID ကာလအတွင်း အခြေခံလူတန်းစားများအား ငွေကြေးထောက်ပံ့ရာတွင် အဓိကဝေဖန်ခံနေရသည့် နိုင်ငံရေးမဲဆွယ်မှုမျိုး မဖြစ်ရန်လိုကြောင်း သတိပြုနိုင်ရန် လိုအပ်ပေသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်း ရေးမှူး (၁) နိုင်လယိတမက “ ပြည်သူတွေကို ထောက်ပ့ံတာက အစိုးရရဲ့အလုပ်ပါ။ အစိုးရက အောက်ခြေဌာနအဆင့်ဆင့်ကို ညွှန်ကြားဆောင်ရွက်ရမယ့် ကိစ္စတွေမှာ ပါတီဘက်ကနေ ဆောင်ရွက်ခွင့်၊ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ အစိုးရအနေနဲ့က ကိုယ့်ရဲ ့အောက်ခြေဌာန အဆင့်ဆင့်ကနေဘဲ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ ညွှန်ကြားဖို ့လိုပါတယ်။ အစိုးရရဲ့အလုပ်ကို ပါတီကနေ တစ်ဖက်လှည့်နဲ ့လုပ်နေတာသည် ဒါကလုံးဝမဖြစ်သင့်ပါဘူး” ဟု ပြောကြားသည်။

Most Read

Most Recent