လန်ဒန်ဒါဘီဗိုလ်လုပွဲမှာ ချယ်လ်ဆီးကိုအနိုင်ယူပြီး FA ဖလားကို (၁၄)ကြိမ်မြောက်ဆွတ်ခူးခဲ့တဲ့ အာဆင်နယ်

လန်ဒန်ဒါဘီဗိုလ်လုပွဲမှာ ချယ်လ်ဆီးကိုအနိုင်ယူပြီး FA ဖလားကို (၁၄)ကြိမ်မြောက်ဆွတ်ခူးခဲ့တဲ့ အာဆင်နယ်
Photos: AFP
Photos: AFP
Published 2 August 2020

အာဆင်နယ်အသင်းအတွက်ကတော့ FA ဖလားချန်ပီယံဆုဆိုတဲ့အောင်ပွဲထက်အများကြီးပိုခဲ့ပြီး (၁၄)ကြိမ်မြောက်နဲ့ အအောင်မြင်ဆုံးမှတ်တမ်းကိုထပ်တိုးနိုင်ခဲ့တာ၊ နည်းပြအာတီတာရဲ့ နည်းပြဘဝပထမဆုံးရာသီမှာ ဆုဖလားအောင်ပွဲကိုရယူနိုင်ခဲ့တာ၊ ယူရိုပါလိဂ်တိုက်ရိုက်ဝင်ခွင့်တစ်နေရာကိုရယူနိုင်ခဲ့တာ စတဲ့အကြောင်းအရင်းများစွာနဲ့အတူ ချန်ပီယံအောင်ပွဲက ပိုပြီးအဓိပ္ပါယ်ရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြလမ်းပတ်ကတော့ နည်းပြဘဝပထမဆုံးဆုဖလားအောင်ပွဲကိုမျှော်လင့်ခဲ့ပေမယ့် အားနည်းချက်တွေနဲ့အတူ အခွင့်အရေးကောင်းကိုလက်လွှတ်ခဲ့ရတာပါ။

ကြိုတင်ခန့်မှန်းခဲ့ကြတဲ့အတိုင်း အာဆင်နယ်အသင်းအတွက် ဒီပွဲကပိုအရေးကြီးနေသလို၊ ချယ်လ်ဆီးအသင်းထက်လည်း ပိုကောင်းအောင်ကစားနိုင်ခဲ့တဲ့အပိုင်းတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြောစရာဖြစ်ခဲ့တာက ဒီပွဲရဲ့ကွင်းလယ်ဒိုင် အန်သိုနီတေလာဖြစ်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်အချို့ကတော့ ချယ်လ်ဆီးပရိသတ်တွေအတွက် ကျေနပ်စရာမဟုတ် ခဲ့တာသေချာပါတယ်။

လန်ဒန်ဒါဘီဖြစ်သလို၊ FA ဖလားလို အစဉ်အလာကြီးမားတဲ့ ပြိုင်ပွဲတစ်ခုရဲ့ဗိုလ်လုပွဲဖြစ်တာကြောင့် အကြိတ်အနယ်ရှိခဲ့သလို၊ ပွဲချိန်အတွင်းမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ ဒီနှစ်သင်းအတွက် (၂၁)ရာစုအတွင်းမှာ ပြိုင်ပွဲဆုံ (၅)ကြိမ်မြောက်တွေ့ဆုံတဲ့ ဗိုလ်လုပွဲဖြစ်ခဲ့ပြီး FA ဖလားဗိုလ်လုပွဲမှာတော့ (၃)ကြိမ်မြောက်တွေ့ဆုံတာလည်းဖြစ်ပါတယ်။

နှစ်သင်းစလုံးရဲ့လူငယ်သွေးသစ်နည်းပြတွေကလည်း နည်းပြဘဝပထမဆုံးအောင်မြင်မှုရဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြပြီး မဖြစ်မနေအနိုင်ရဖို့လိုအပ်နေတဲ့ အာတီတာနဲ့ အာဆင်နယ်က ချန်ပီယံအောင်ပွဲကို ရယူသွားတယ်လို့ပဲဆိုရပါမယ်။

အာဆင်နယ်အသင်းက သူတို့ရဲ့လက်ရှိအကောင်းဆုံးအခင်းအကျင်းကိုပွဲထုတ်ခဲ့တာဖြစ်ပြီး၊ ချယ်လ်ဆီးအသင်းကလည်း နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းတွေဆက်တိုက်ယူနေတဲ့ လူစာရင်းကိုပဲအသုံးပြုခဲ့တာပါ။ ဒါပေမဲ့ ကွန်တေမပါနိုင်တာက ချယ်လ်ဆီးအသင်းအတွက် နစ်နာခဲ့ရပြီး အာဆင်နယ်အသင်းရဲ့ လျှင်မြန်တဲ့

တိုက်စစ်ဆင်မှုတွေကို ဟန့်တားရာမှာ အခက်အခဲတွေရှိခဲ့ပါတယ်။

ပွဲစတာနဲ့ ချယ်လ်ဆီးအသင်းက လျှင်လျှင်မြန်မြန်ပဲ စတင်ထိုးဖောက်ခဲ့ပြီး ပွဲချိန် (၅)မိနစ်မှာပဲ ပူလီဆစ်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဂိုးစောစောပေးခဲ့ရလို့ အာဆင်နယ်အသင်း ကစားကွက်ပြန်တည်ငြိမ်ဖို့ကြိုးပမ်းခဲ့ပြီး တဖြည်းဖြည်းနဲ့ ချယ်လ်ဆီးအသင်းကိုဖိအားပြန်ပေးလာနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဘယ်လာရင်၊ စီဘယ်ယို့စ်၊ ချာကာတို့ရဲ့ ကွင်းလယ်အားနဲ့ အူဘာမီယန်း၊ ပေပေ၊ လာကာဇက်တို့ရဲ့ လျှင်မြန်တဲ့တိုက်စစ်အား (၂)ခုပေါင်းစည်းမှုက

ချယ်လ်ဆီးအသင်းကို တဖြည်းဖြည်းနဲ့ အခက်တွေ့လာစေခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ အားနည်းတဲ့ခံစစ်ကို ဆက်တိုက်ဖိအားပေးလာခဲ့ပါတယ်။

ဒါကြောင့်လည်း ပွဲချိန် (၂၈)မိနစ်မှာ အူဘာမီယန်းကို အက်စ်ပီလီကွယ်တာ တားဆီးရာမှာ ဆွဲလှချခဲ့သလိုဖြစ်လို့ အာဆင်နယ်အသင်းပယ်နယ်တီရရှိခဲ့ပြီး၊ ဒီပယ်နယ်တီကို အူဘာမီယန်းက အမှားအယွင်းမရှိကန်သွင်းကာ အာဆင်နယ်အသင်းအတွက် ချေပဂိုးဖြစ်စေခဲ့ပါတယ်။

(၁-၁)ဂိုးအနေအထားမှာ နှစ်သင်းစလုံး အနိုင်ရဖို့အတွက် ပိုမိုအားထုတ်လာခဲ့ကြပေမယ့် အာဆင်နယ်အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုတွေက ချယ်လ်ဆီးအသင်းထက် ပိုထိရောက်ခဲ့သလို၊ ခံစစ်ပိုင်းကလည်း တည်ငြိမ်တဲ့ဟန်တစ်ခုကိုပြနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာက ပွဲချိန်ပထမပိုင်းနဲ့ ဒုတိယပိုင်းအစတွေမှာ အက်စ်ပီလီကွယ်တာ၊ ပူလီဆစ်တို့ဒဏ်ရာရသွားတာဖြစ်ပြီး ပူလီဆစ်ထွက်သွားချိန်မှာ ချယ်လ်ဆီးအသင်းတိုက်စစ်က အခွင့်အရေးရဖို့ခက်ခဲသွားခဲ့တာပါ။

ပထမပိုင်းမှာ (၁-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ ပွဲရဲ့အရှိန်ကပိုမြင့်လာခဲ့ပါတယ်။ အထူးသဖြင့် အာဆင်နယ်အသင်းက အခွင့်အရေးတွေပိုရလာခဲ့ပြီး တိုက်စစ်ပိုင်းကအဆုံးသတ်ညံ့ဖျင်းလို့သာ ချယ်လ်ဆီးအသင်းဂိုးစောစောမပေးခဲ့ရတာပါ။

ပွဲချိန် (၆၇)မိနစ်မှာတော့ အာဆင်နယ်အသင်းအနိုင်ဂိုးရရှိခဲ့ပြီး အူဘာမီယန်းကပဲ ဂိုးဧရိယာအတွင်းမှာ အကောင်းဆုံးအဆုံးသတ်ပေးခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးချိန်မှာ ချယ်လ်ဆီးအသင်းကစားပုံ ပိုပြာသွားခဲ့ပြီး အာဆင်နယ်အသင်းကပဲ ပွဲကိုဆက်လက်ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ပိုဖိအားဖြစ်စေခဲ့တာက ပွဲချိန် (၇၃)မိနစ်မှာ ကွင်းလယ်လူ ကိုဗာချစ် (၂)ဝါ၊ (၁)နီနဲ့ထုတ်ပယ်ခံရတာဖြစ်ပြီး ဒီဆုံးဖြတ်မှုမှာလည်း ကွင်းလယ်ဒိုင်အနေနဲ့ အားနည်းချက်တွေအမှားအယွင်းတွေရှိခဲ့ပါသေးတယ်။

တစ်ယောက်လျော့သွားချိန်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ ချေပဂိုးအတွက်ကြိုးပမ်းမှုဟာ အရာထင်ဖို့ခက်သွားခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဂိုးသမား မာတီနက်ဇ် ဘောလုံးထွက်ဖမ်းရာမှာ ဂိုးစည်းအပြင်ကျော်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောမသတ်မှတ်ခဲ့တဲ့အပြင် VAR နဲ့ပြန်လည်ကြည့်ရှုတာတောင်မရှိခဲ့လို့ ချယ်လ်ဆီးအအသင်းအတွက် နစ်နာခဲ့ရပါတယ်။

လက်ကျန်မိနစ်မှာတော့ အာဆင်နယ်အသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ပွဲအပြီးမှာ (၂-၁)ဂိုးနဲ့အနိုင်ရကာ (၁၄)ကြိမ်မြောက် FA ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြအာတီတာအတွက်ကတော့ အသင်းနဲ့ပထမဆုံးရာသီမှာပဲ ဆုဖလားအောင်ပွဲကိုရယူနိုင်ခဲ့တာကြောင့် ကျေနပ်စရာကောင်းခဲ့သလို၊ အာဆင်နယ်အသင်းအနေနဲ့လည်း ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး (၂၆)နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲနဲ့လွဲချော်မယ့်မှတ်တမ်းဆိုးနဲ့ ကင်းဝေးခဲ့ရပါတယ်။

Most Read

Most Recent