ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် အဖွဲ့ဝင်နိုင်ငံအားလုံးကို ဒေါ်လာတစ်သန်းထောက်ပံ့ရန် FIFA စီစဉ်

ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် အဖွဲ့ဝင်နိုင်ငံအားလုံးကို ဒေါ်လာတစ်သန်းထောက်ပံ့ရန် FIFA စီစဉ်
Photo: Getty Images,MFF
Photo: Getty Images,MFF
Published 1 August 2020

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ကမ္ဘာ့နိုင်ငံအားလုံး ရင်ဆိုင်နေရသည့် ကိုရို နာဗိုင်းရပ်စ်အခြေအနေကြောင့် အဖွဲ့ဝင်နိုင်ငံအားလုံးကို ထောက်ပံ့ကြေး ဒေါ်လာတစ် သန်းစီပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။

FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုသည် ဇူလိုင် (၂၈) ရက်က အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ အဖွဲ့ဝင်နိုင်ငံများမှ ဥက္ကဋ္ဌ များနှင့် Video Conferencing ဖြင့် အစည်း အဝေးပြုလုပ်ပြီးနောက် ထောက်ပံ့ကြေးနှင့် ချေးငွေပေးအပ်မည့်အစီအစဉ်များ အတည် ပြုခဲ့ခြင်းဖြစ်သည်။ FIFA သည် အဖွဲ့ဝင်နိုင်ငံ (၂၁၁) နိုင်ငံအား ကိုရိုနာဗိုင်းရပ်စ်ကာလအတွက် ထောက်ပံ့ကြေး ဒေါ်လာတစ်သန်းစီပေးအပ် မည်ဖြစ်ပြီး အမျိုးသမီးဘောလုံးဖွံ့ဖြိုးတိုး တက်ရေးအတွက်လည်း ဒေါ်လာ (၅)သိန်းစီ ထပ်မံထောက်ပံ့မည်ဖြစ်သည်။

ကိုရိုနာဗိုင်း ရပ်စ်ဖြစ်ပွားခဲ့သောကြောင့် မတ်လကတည်းက ပြည်တွင်းဘောလုံးပြိုင်ပွဲများ ရပ်နားထားရသည့်အပြင် စပွန်ဆာနှင့် အခြားဝင်ငွေရရှိ မှုများ လျော့ကျနေရာ အဖွဲ့ဝင်နိုင်ငံအားလုံးမှ ဘောလုံးအဖွဲ့ချုပ်များ ပုံမှန်အတိုင်းလည် ပတ်နိုင်ရန် ထောက်ပံ့ကြေးပေးအပ်ခြင်းဖြစ် သည်။

''ဇူလိုင် ၂၈ ရက်က FIFA ဥက္ကဋ္ဌနဲ့ ပြုလုပ်တဲ့ အစည်းအဝေးကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော်လည်း တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာ FIFA က အဖွဲ့ဝင်နိုင်ငံ တိုင်းကို ထောက်ပံ့ကြေးပေးဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။ အဖွဲ့ဝင်နိုင်ငံ (၂၁၁) နိုင်ငံစလုံး ရရှိမှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာလအတွက် သီးသန့်ပေးတဲ့ ထောက်ပံ့ကြေးဖြစ်ပြီး ပုံမှန်ပေးနေတဲ့ ငွေကြေးတွေနဲ့ မသက်ဆိုင်ပါဘူး''ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်းက ပြောကြားသည်။

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယင်း အစည်းအဝေးတွင် အမျိုးသမီးဘောလုံး လောက ပုံမှန်လည်ပတ်နိုင်ရန်နှင့် ကလပ် အသင်းများ လည်ပတ်နိုင်ရန်အတွက် ချေးငွေ များတိုးမြှင့်ပေးရန် ထည့်သွင်းဆွေးနွေးခဲ့ သည်။ FIFA သည် တိုက်အလိုက် ဘောလုံး အဖွဲ့ချုပ်များကို ထောက်ပံ့ကြေးပေးအပ်ရန် စီစဉ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ကာလ ချေးငွေ ပေးအပ်မည့်အစီအစဉ်ကိုလည်း ထုတ်ပြန်ခဲ့ သည်။

FIFA သည် အဖွဲ့ချုပ်တစ်ခုချင်းစီ၏ ဝင်ငွေအပေါ်တွက်ချက်၍ (၃၅) ရာခိုင်နှုန်း ချေးငွေပေးရန် စီစဉ်ထားပြီး ဒေါ်လာ (၅)သိန်း မှ (၅)သန်းအထိ ချေးငွေသတ်မှတ်ပေးရန် လျာထားကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာလည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ပြည်တွင်းဘောလုံး ပြိုင်ပွဲများ ရပ်နားထားရပြီး ဇူလိုင်လကုန်အထိ ပြိုင်ပွဲကျင်းပခွင့်မရသေးကြောင်း သိရသည်။

ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည် ကျင်းပနိုင်ခြင်းမရှိပါက အဖွဲ့ချုပ်အနေဖြင့် စပွန်ဆာဝင်ငွေ လျော့ကျသွားနိုင်သည့် အပြင် ကလပ်အသင်းများမှာလည်း ပုံမှန် အသုံးစရိတ်ထက် ပိုမိုကုန်ကျဖွယ်ရှိနေသည်။ MFF နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ သည် ဇူလိုင်လလယ်တွင် ပြည်တွင်းဘောလုံး ပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရရန် ကြိုးပမ်း ခဲ့သော်လည်း သက်ဆိုင်ရာမှ ခွင့်ပြုချက်မရ သေးသဖြင့် ကြန့်ကြာနေခြင်းဖြစ်သည်။

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် FIFA ဥက္ကဋ္ဌနှင့် အစည်းအဝေးတွင် ကလပ်အသင်း များ ဆက်လက်ရပ်တည်နိုင်ရေး အဓိကထား ၍ ချေးငွေပမာဏ တိုးမြှင့်ပေးစေလိုကြောင်း တင်ပြဆွေးနွေးခဲ့သည်။

 

Most Read

Most Recent