စင်ကာပူနိုင်ငံ Sembcorp ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် ဒေါ်လာသန်း ၂၃၀ ကျော်ရှိ လှည်းကူးစက်မှုဥယျာဉ် မြို့တော်စီမံကိန်းနှင့် ဂျပန်နိုင်ငံက ဒေါ်လာသန်း ၁၈၀ မြှုပ်နှံမည့် AEON Large Scale Shopping Mall လုပ်ငန်းကို MIC ခွင့်ပြု

စင်ကာပူနိုင်ငံ Sembcorp ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် ဒေါ်လာသန်း ၂၃၀ ကျော်ရှိ လှည်းကူးစက်မှုဥယျာဉ် မြို့တော်စီမံကိန်းနှင့် ဂျပန်နိုင်ငံက ဒေါ်လာသန်း ၁၈၀ မြှုပ်နှံမည့် AEON Large Scale Shopping Mall လုပ်ငန်းကို MIC ခွင့်ပြု
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၀/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ- DICA)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၀/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ- DICA)
Published 1 August 2020
နီလာ

စင်ကာပူနိုင်ငံ Sembcorp CSSD Myanmar Co.,Ltd ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် ဒေါ်လာ ၂၃၀ ဒသမ ၆ သန်းတန်ဖိုးရှိ လှည်းကူးစက်မှုဥယျာဉ်မြို့တော်စီမံကိန်းနှင့် ဂျပန်နိုင်ငံက ဒေါ်လာသန်း ၁၈၀ ရင်းနှီးမြှုပ်နှံမည့် လုပ်သားအင်အား ၂၃၀၀ ကျော် ဖန်တီးပေးနိုင်သော AEON Large Scale Shopping Mall တို့ လုပ်ကိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုလိုက်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၀/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင် ၃၁ ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်းခုနစ်ခုမှ မ,တည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မ ှလုပ်ငန်းအသစ် ခုနစ်ခုကို ခွင့်ပြုခဲ့သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၄၆၂ ဒသမ ၆၉၃ သန်းနှင့် ကျပ် ၇၃၂၀၆ ဒသမ ၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၆၆၂ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် စင်ကာပူနိုင်ငံ Sembcorp CSSD Myanmar Co.,Ltd ၏ ရင်းနှီးမြှုပ်နှံမှု ပါဝင်သည့် ဒေါ်လာ ၂၃၀ ဒသမ ၆ သန်းတန်ဖိုးရှိ လှည်းကူးစက်မှု ဥယျာဉ်မြို့တော်စီမံကိန်းနှင့် ဂျပန်နိုင်ငံက ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြှုပ်နှံမည့် လုပ်သားအင်အား ၂၃၀၀ ကျော်ဖန်တီးပေးနိုင်သော AEON Large Scale Shopping Mall တို့ ပါဝင်သည်။

COVID-19 ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများ ရှိသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံသူများ သာမက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လက်ခံရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း ဆောလျင်စွာ စိစစ်ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၃ ဘီလျံခန့် ခွင့်ပြုပေးခဲ့ပြီး ဟောင်ကောင်နှင့် စင်ကာပူတို့မှ အများဆုံးဝင်ရောက်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန်လအကုန်အထိ ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၂၇၅ ဘီလျံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၉၆ ခု ခွင့်ပြုပေးခဲ့သည်။

ယင်းအနက် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၄၆ ဘီလျံ၊ စင်ကာပူနိုင်ငံမှ ဒေါ်လာ တစ်ဘီလျံကျော်၊ ဂျပန်နိုင်ငံမှ ဒေါ်လာသန်း ၇၀၀ ကျော်၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၄၈၀ နီးပါး ခွင့်ပြုပေးထားသည်။

အစိုးရသစ်လက်တွင် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် နိုင်ငံ၏သယံဇာတ အရင်းအမြစ်များကို ထုတ်ယူသုံးစွဲသော ကဏ္ဍများထက် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်လမ်း ပိုမိုဖန်တီးပေးနိုင်ရေး၊ အခြေခံအဆောက်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ သွင်းကုန်အစားထိုးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးစသည့် လုပ်ငန်းအမျိုးအစားများကို ဦးစားပေးခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

COVID-19 အလွန်တွင် ကြုံတွေ့ရမည့် အနေအထားအပေါ်မူတည်၍ ကျန်းမာရေး၊ လယ်ယာ၊ သားငါးနှင့် စက်မှုဇုန်ဖော်ဆောင်ရေး စသည့်ကဏ္ဍ သုံးခုကို ဦးစားပေးရင်းနှီးမြှုပ်နှံမှုအဖြစ် ဆွဲဆောင်သွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

Most Read

Most Recent