ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် Release Order Notification/ Allowed Shipment Notification များအပေါ်တွင် အကောက်ခွန်အရာရှိများ လက်မှတ်ရေးထိုး ပေးရသည့် လုပ်ငန်းစဉ်အား ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
အထက်ပါ အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ အကောက်ခွန် ဦးစီးဌာနသည် MACCS စနစ်အား ရန်ကုန်ဧရိယာအတွင်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှစတင်အသုံးပြုခဲ့ရာ Manual စနစ်မှ Automation စနစ်သို့ အသွင်ကူးပြောင်းစ အချိန်ကာလတွင် ကုန်ပစ္စည်းတင်သွင်း တင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အခက်အခဲ မရှိစေရန်အတွက် MACCS စနစ်က ထုတ်ပေးခဲ့သော Electronic Release Order/ Allowed Shipment များ၏ Print-out/Copy အပေါ်တွင် မူရင်း (Original) အထောက်အထားဖြစ်ကြောင်း အကောက်ခွန် အရာရှိများက လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ပေးခဲ့့သည်။
ကုန်သွယ်မှုနှင့် ဆက်စပ်နေသော သက်ဆိုင်ရာဘဏ်များ၊ အစိုးရဌာနများ အနေဖြင့်လည်း အကောက်ခွန် အရာရှိ လက်မှတ်ရေးထိုးထားသည့် Release Order/ Allowed Shipment များအား မူရင်း (Original) အထောက်အထားများအဖြစ် မှတ်ယူစိစစ်၍ သက်ဆိုင်ရာဌာနတွင်း လုပ်ငန်းများကို ဆက်လက် အကောက်အထည်ဖော် ဆောင်ရွက်နေကြသည်။
ထိုသို့ အကောက်ခွန်ဦးစီးဌာန အနေဖြင့် Manual နည်းလမ်းများမှ Electronic နည်းလမ်းသို့ ကူးပြောင်း ဆောင်ရွက်နေချိန်တွင် Electronic နည်းလမ်းဖြင့် ထုတ်ပေးပြီးဖြစ်သော Release Order/ Allowed shipment ၏ Print-out/ Copy များအပေါ်တွင် အကောက်ခွန်အရာရှိများက လက်မှတ်များ၊ တံဆိပ်တုံးများ ပြန်လည်ရိုက်နှိပ် ဆောင်ရွက်ပေးရခြင်းသည် နိုင်ငံတကာ ကုန်သွယ်မှု စံချိန်စံညွှန်းများနှင့် မကိုက်ညီခြင်းကြောင့် Ease of doing business ၏ Trading across border ကဏ္ဍတွင် မကြာခဏ ကန့်ကွက်မှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။
ဆိပ်ကမ်းများ၊ ကုန်လှောင်ရုံများကလည်း Release Order Notification/ Allowed Shipment Notification များအပေါ်တွင် လက်မှတ်ပါရှိမှသာ ကုန်ပစ္စည်း ထုတ်ယူခွင့် ပြုပေးလျက်ရှိကြောင်း သိရသည်။ သို့ရာတွင် MACCS စနစ်မှ Release Order Notification နှင့် Allowed Shipment Notification များရရှိပြီးသော ကုန်ပစ္စည်းများနှင့် ပတ်သက်သည့် Release Order Cargo Message Report အား သက်ဆိုင်ရာ ဆိပ်ကမ်းများ၊ သိုလှောင်ရုံများ၊ Dry Port (ကုန်တွင်းဆိပ်) များနှင့် SEZ (အထူးစီးပွားရေးဇုန်) များသို့ အချိန်နှင့်တစ် ပြေးညီစနစ် အတွင်းသို့ ပေးပို့လျက်ရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ အဆိုပါ Cargo Message Report များကို ကြည့်ရှုခြင်းဖြင့် ထုတ်ယူခွင့်ရရှိသည့် ကုန်ပစ္စည်းများအား စနစ်ဖြင့် ပြင်ပသို့ ထုတ်ဆောင်ပေးရမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ အကောက်ခွန် ဦးစီးဌာန အနေဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအား အထောက်အကူ ပြုစေရန်နှင့် Ease of doing business ၏ သုံးသပ်ချက်ပါ အားနည်းချက်များကို လျှော့ချနိုင်ရေးအတွက် Release Order Notification နှင့် Allowed Shipment Notification များတွင် အကောက်ခွန် အရာရှိများက လက်မှတ်ရေးထိုးပေးခြင်း အား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်မှ စတင်၍ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ဆိပ်ကမ်းကုန်လှောင်ရုံ လုပ်ငန်းစဉ်များ အဟန့်အတား မဖြစ်စေရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားကြရန် အကောက်ခွန် ဦးစီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။










