မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး လေးခု၌ ကိုယ်စားလှယ်လောင်း ၆၂ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်

မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး လေးခု၌ ကိုယ်စားလှယ်လောင်း ၆၂ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်
Published 28 July 2020
ဘိုဘိုမြင့်

၂၀၂၀ ရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လေးခုတွင် ကိုယ်စားလှယ်လောင်းနေရာ ၆၂ နေရာ ဝင်ရောက် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ၃၅ နေရာ၊ ကရင်ပြည်နယ်တွင် ၁၂ နေရာ၊ ရန်ကုန်တိုင်းဒေသကြီး၌ ခုနစ်နေရာနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ရှစ်နေရာ၊ စုစုပေါင်း ၆၂ နေရာ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး (၂) နိုင်စံတင်က ပြောကြားသည်။

“အခု ပါတီက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ လူသစ်တွေ များပါတယ်။ လူဟောင်းက ငါးဦးလောက်ပဲ ပြန်ပါလာတာပါ။ ကိုယ်စားလှယ်လောင်း ၆၂ ဦးထဲမှာ အမျိုးသမီးက ၁၆ ဦး ပါဝင်ပါတယ်။ အမျိုးသားက ၄၆ ဦးပါ။ ကျွန်တော်တို့က လာမယ့် တစ်ရက်၊ နှစ်ရက်အတွင်းမှာ ကိုယ်စားလှယ်လောင်းတွေကို ကတိကဝတ်တွေ၊ ပါတီအတွက် ကျမ်းကျိန်တာတို့ စသည်ဖြင့် လုပ်ဆောင်ပြီးမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံကို လျှောက်လွှာတင်ခိုင်းမှာပါ။ ကျွန်တော်တို့အနေနဲ့လည်း ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးရာဇဝင်တွေ၊ ပါတီထောက်ခံချက် ပုံစံတွေ၊ လွှတ်တော်အလိုက် လျှောက်လွှာပုံစံတွေကို ပြုစုပေးနေပါတယ်။ စိစစ်ပြီးသွားရင်တော့ ကော်မရှင်ထံကို လျှောက်လွှာ တင်သွင်းသွားမှာပါ။ ဒီကိုယ်စားလှယ်လောင်း ၆၂ ဦးစာရင်းက ဇူလိုင် ၂၆ ရက်က ပြီးစီးသွားတဲ့ ပါတီ CEC အစည်းအဝေးအပြီး ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်း စာရင်းတွေပါ။ ပဲခူးတိုင်းဒေသကြီးနဲ ့သထုံမြို့နယ်အတွက်ကိုလည်း ကိုယ်စားလှယ်လောင်း ရရှိရေး ဆက်ကြိုးစားနေပါတယ်။ ပဲခူးတိုင်းဒေသကြီးနဲ ့သထုံမြို့နယ်အတွက်ကျတော့ ကော်မရှင် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းမယ့် နောက်ဆုံးရက် မတိုင်ခင် တင်သွင်းသွားနိုင်ဖို့ ညှိနှိုင်းနေပါတယ်”ဟု နိုင်စံတင်က ဆက်လက် ပြောကြားသည်။

အဆိုပါ မွန်ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်လောင်း ၆၂ ဦး၌ ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်အဖြစ် မွန်ပြည်နယ်တွင် ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်နေရာနှင့် ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်နေရာများ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ သုံးကြိမ်ဆက် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံခဲ့ရသူ လက်ရှိ မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါက်တာ အောင်နိုင်ဦးက “အခုခေတ် လူငယ်တွေက ၁၀ နှစ်စာ စီးပွားရေးတံခါးဖွင့်၊ နိုင်ငံရေးတံခါးဖွင့်ဝါဒ ကျင့်သုံးလိုက်တဲ့အခါမှာ တချို့က သင်တန်းတွေ၊ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံမှုတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ စသည်ဖြင့် သူတို့အတွက် ဝမ်းစာတွေ အများကြီးရထားကြတယ်။ ကျွန်တော်ပြောချင်တာက အခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်လာမယ့် လူငယ် ကိုယ်စားလှယ်လောင်းတွေသည် အရည်အချင်းအားဖြင့် တည့်တည့်ပြောရရင် ကျွန်တော်တို့ထက် အများကြီးသာတယ်လို့ ခံစားရတယ်။ အများကြီးလည်း မျှော်လင့်နိုင်တယ်လို့ ယူဆလို့ရပါတယ်” ဟု ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် မဲဆန္ဒနယ်အပြည့် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၌ အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာ၊ ကော့ကရိတ်မြို့နယ်၌ ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်၌လည်း ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေဖြူ၊ ဘုတ်ပြင်းနှင့် မြိတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ တောင်ဥက္ကလာပ၊ ဒေါပုံ၊ ရွှေပြည်သာ၊ ထန်းတပင်၊ သာကေတနှင့် စမ်းချောင်းမြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent