မက်ဆီအင်တာမီလန်သို့ပြောင်းရွှေ့နိုင်သည်ဟု အီတလီမီဒီယာများယုံကြည်နေ

မက်ဆီအင်တာမီလန်သို့ပြောင်းရွှေ့နိုင်သည်ဟု အီတလီမီဒီယာများယုံကြည်နေ
Photos: Getty Images
Photos: Getty Images
Published 26 July 2020

ဘာစီလိုနာအသင်းနှင့် အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီအနေဖြင့် စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့နိုင်သည်ဟု အီတလီမီဒီယာများယုံကြည်နေကြကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိ ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီသည် လက်ရှိအချိန်တွင် အသင်းဘုတ်အဖွဲ့တာဝန်ရှိသူများနှင့် နည်းပြဆယ်တီယန်တို့နှင့် အဆင်မပြေဖြစ်နေသည်ဟု စပိန်မီဒီယာများကဖော်ပြနေကြပြီး ၄င်း၏ စာချုပ်သက်တမ်းမှာ လာမည့် ၂၀၂၁ နွေရာသီတွင်ကုန်ဆုံးမည်ဖြစ်သည်။ ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့်လည်း မက်ဆီနှင့် စာချုပ်သစ်ကိစ္စဆွေးနွေးမှုမှာ အချိန်ကာလကြာမြင့်သည်အထိ အဆင်မပြေဖြစ်နေသည့်အတွက် ယခင်ကသတင်းထွက်ခဲ့ဖူးသော အင်တာမီလန်အသင်းမှာ မက်ဆီအားခေါ်ယူရန် ပြန်လည်ပစ်မှတ်ထားလာခြင်းလည်းဖြစ်သည်။

မီလန်အခြေစိုက် အီတလီအားကစားသတင်းစာ La Gazzetta dello Sport ၏ဖော်ပြမှုအရ အင်တာမီလန်အသင်းသည် တရုတ်လူမျိုးပိုင်ရှင်များအနေဖြင့် မက်ဆီ၏ အပြောင်းအရွှေ့အား အားစိုက်ကြိုးစားရန် စိတ်ပိုင်းဖြတ်ထားကြောင်း

သိရသည်။

အဆိုပါသတင်းစာ၏ ခေါင်းကြီးပိုင်းတွင် ''မက်ဆီ၏အပြောင်းအရွှေ့မှာ ဖြစ်နိုင်ဖွယ်ရှိကြောင်းနှင့် အင်တာမီလန်အသင်း၏ပိုင်ရှင် ဆန်နင်းလုပ်ငန်းစုအနေဖြင့် ကာလရှည်ကြာမြင့်နေသော မက်ဆီ၏အပြောင်းအရွှေ့အတွက် အသင့်ဖြစ်နေ

ကြောင်း'' ပါရှိခဲ့သည်။

ထို့ပြင် မက်ဆီ၏ဖခင်ဖြစ်သူ ဂျော့ချ်မက်ဆီမှာလည်း မီလန်မြို့သို့ပြောင်းရွှေ့ရန်အတွက် ဆန္ဒရှိနေကြောင်း Marca ကဖော်ပြခဲ့သည်။

La Gazzetta dello Sport ၏ဖော်ပြချက်အရ စီးရီးအေ (၈)ကြိမ်ဆက်ချန်ပီယံဂျူဗင်တပ်စ်အသင်းမှာ မက်ဆီ၏အဓိကပြိုင်ဘက်ဖြစ်သည့် စီရော်နယ်လ်ဒိုအား ခေါ်ယူထားနိုင်သည့်အတွက် အင်တာမီလန်အသင်းအနေဖြင့်လည်း

မက်ဆီအားခေါ်ယူကာ အသင်း၏ယုံကြည်မှုကို မြှင့်တင်ရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်းသိရသည်။

ဘာစီလိုနာအသင်း တာဝန်ရှိသူများကမူ အသင်း၏ အရေးပါဆုံးကစားသမားဖြစ်သည့် မက်ဆီအား စာချုပ်သစ်ချုပ်ဆိုနိုင်မည်ဟု ယုံကြည်နေပြီး၊ မက်ဆီအနေဖြင့် လာလီဂါတွင်ဆက်ရှိနေစေရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အစောပိုင်းကတည်းက တုံ့ပြန်ပြောကြားထားခဲ့သည်။

မက်ဆီသည် ယခု ၂၀၁၉-၂၀ ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၄၂)ပွဲကစားကာ (၃၀)ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းနှင့်ပြည်တွင်းဆုဖလားအောင်မြင်မှုများမရရှိခဲ့သော်လည်း လာလီဂါရွှေဖိနပ်ဆုအား စံချိန်တင် (၇) ကြိမ်မြောက်နှင့် လာလီဂါတစ်ရာသီအတွင်း ဂိုးဖန်တီးမှုစံချိန်တို့ကို တင်နိုင်ခဲ့သူဖြစ်သည်။

Most Read

Most Recent