ဘယ်လင်ဟမ်၏ ကျောနံပါတ်ကို အနားပေးရန်ဆုံးဖြတ်ခဲ့သည့် ဘာမင်ဂမ်အသင်းကို ပရိသတ်များ လှောင်ပြောင်

ဘယ်လင်ဟမ်၏ ကျောနံပါတ်ကို အနားပေးရန်ဆုံးဖြတ်ခဲ့သည့် ဘာမင်ဂမ်အသင်းကို ပရိသတ်များ လှောင်ပြောင်
Photos: Getty Images & Action Images
Photos: Getty Images & Action Images
Published 24 July 2020

ဘာမင်ဂမ်အသင်းသည် ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့သွားသည့် ဘယ်လင်ဟမ်၏ ကျောနံပါတ် (၂၂)ကို အနားပေးရန် ဆုံးဖြတ်ခဲ့ခြင်းအား အသင်းပရိသတ်များက လှောင်ပြောင်ခဲ့ကြကြောင်း သိရသည်။ 

လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းသည် ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့သွားသည့် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၂၂)ကို အခြားကစားသမားများအား ဝတ်ဆင်ခွင့်မပြုဘဲ အနားပေးမည်ဟု ကြေညာခဲ့သည်။ 

ဘာမင်ဂမ်အသင်း၏ ကြေညာချက်တွင် "အသက် (၁၆)နှစ်၊ (၃၈)ရက်နှင့် အသင်းတွင် ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းတိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့သည့် ဘယ်လင်ဟမ်ကို အမြဲသတိရနေရန်နှင့် လူငယ်ကစားသမားများ အတုယူအားကျစေရန်အတွက် ဘယ်လင်ဟမ် ဝတ်ဆင်ခဲ့သည့် ကျောနံပါတ် (၂၂)ကို အနားပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း"ပါရှိသည်။ 

ဘယ်လင်ဟမ်(၁၇ နှစ်)သည် ဒေါ့မွန်အသင်းသို့ ပေါင်(၂၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သော်လည်း ဘာမင်ဂမ်အသင်း၌ ပြီးခဲ့သည့်ရာသီမှသာ ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ဘာမင်ဂမ်အသင်း၏ ဂုဏ်ပြုမှုကို အသင်းပရိသတ်များက အလွန်ရှက်စရာလုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ပြစ်တင်ခဲ့ကြခြင်းဖြစ်သည်။ 

ပရိသတ်တစ်ဦးက "ရယ်စရာကြီးပါ။ ဒီအသင်းကို ဘယ်သူတွေ စီမံအုပ်ချုပ်နေလို့ ဒီလိုစိတ်ကူးမျိုး ထွက်လာလဲ"ဟု မှတ်ချက်ပြုခဲ့သလို၊ အခြားတစ်ဦးကလည်း "ဘယ်လင်ဟမ်က တကယ်တော်တဲ့ ကောင်လေးပါ။ ဒါပေမဲ့ စီနီယာအသင်းမှာ တစ်ရာသီပဲ ကစားပြီး (၄)ဂိုးပဲ သွင်းနိုင်တယ်။ အသင်းကလည်း တန်းဆင်းဇုန်က (၁)မှတ်ပဲ ကွာတယ်။ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို အနားပေးမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ရှက်စရာပါပဲ"ဟု Twitter တွင် ရေးသားခဲ့သည်။ 

Most Read

Most Recent