လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းပရိသတ်များအနေဖြင့် အသင်းနှင့်အတူ အောင်ပွဲခံအခမ်းအနားကို ပြုလုပ်ရဦးမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ပြဿနာ ပြီးဆုံးသွားပြီဆိုပါက အောင်ပွဲခံပါတီအတွက် ပြင်ဆင်ထားရန်လိုကြောင်း ထပ်မံကတိပေးပြောကြားခဲ့သည်။

ကလော့ပ်သည် နှစ်ပေါင်း(၃၀) ကြာဝေးကွာနေသည့် အမှတ်ပေးချန်ပီယံဖလား ရရှိချိန်တွင် ကစားသမားများနှင့်အတူ ပရိသတ်များ အောင်ပွဲခံခွင့်မရရှိခြင်းအပေါ် စိတ်မကောင်းဖြစ်နေပြီး ယခင်ကတည်းက ကိုရိုနာဗိုင်း ရပ်စ်ပြဿနာပြီးဆုံးပါက အတူတူ အောင်ပွဲခံကြဦးမည်ဟု ဆိုခဲ့သည်။

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် အောင်ပွဲခံအခမ်းအနားတွင်လည်း ကလော့ပ်က ပရိသတ်များနှင့်အတူ အောင်ပွဲခံပါတီလုပ်ဦးမည်ဟု ထပ်မံကတိပေးခဲ့ခြင်းဖြစ်ပြီး Sky Sports က အသင်းပရိသတ်များအတွက် တစ်ခုခုမှာကြားပေးရန် ပြောကြားခဲ့ရာ ယာဂန်ကလော့ပ်က "ခင်ဗျားကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အသင်းရော ပရိသတ်တွေရော အိမ်မှာ သောက်ကြ၊ စားကြ အောင်ပွဲခံကြပါမယ်။ ဒီအရေးမပါတဲ့ ဗိုင်းရပ်စ် ပြဿနာကြီး ပြီးတဲ့အချိန်ရောက်ရင်တော့ သူတို့နဲ့ ကျွန်တော်တို့နဲ့ ပါတီပွဲလုပ်ပြီး အတူတူအောင်ပွဲခံကြပါမယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကလော့ပ်က "ဘဝဆိုတာ အဲဒါပဲဗျ။ ကိုယ်လိုချင်တဲ့အရာကို ရအောင်လုပ်နိုင်ခဲ့တယ်။ အခုမြင်နေရတဲ့ အောင်ပွဲခံမြင်ကွင်းတွေမှာ ပရိသတ်တွေသာရှိနေခဲ့ရင် အရာရာက ပိုပြီးပျော်စရာကောင်းနေပါလိမ့်မယ်။ ကွင်းထဲမှာ ပရိသတ်တွေရှိနေမှ ပြည့်စုံတာပါ။ ဒါပေမဲ့ကျွန်တော်တို့လည်း မတတ်နိုင်ခဲ့ဘူး" ဟု ဆိုခဲ့သည်။









