ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဗီလာ(၁-၀)အာဆင်နယ်ပွဲတွင် ဗီလာအသင်းဘက်သို့ ပေးခဲ့ရသော တစ်လုံးတည်းသောဂိုးအတွက် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းအား အာဆင်နယ်ပရိသတ်များက ဝေဖန်ပြစ်တင်ခဲ့ကြသည်။
အာဆင်နယ်အသင်းသည် ပထမပိုင်းပွဲချိန်(၂၇)မိနစ်တွင် ဗီလာအသင်းဘက်သို့ ထောင့်ကန်ဘောမှတစ်ဆင့် ဂိုးပေးခဲ့ရပြီး ဗီလာအသင်း၏ အီဂျစ်တောင်ပံကစားသမား ထရာဇီဂေးက သွင်းယူခဲ့ခြင်းဖြစ်သည်။
ထရာဇီဂေးဂိုးမသွင်းမီ ထောင့်ကန်ဘောမှလာသော ဘောလုံးကို ကာကွယ်/ဖျက်ထုတ်ရန် အာဆင်နယ်ကစားသမား(၁၁) ဦးစလုံး ပယ်နယ်တီစည်းအတွင်း ရှိနေခဲ့သည်။
အူဘာမီယန်းသည် ခေါင်းတိုက်ကောင်းသော ဗီလာနောက်ခံလူ တိုင်ရုန်းမင်းစ်ကို လူကပ်သည့် တာဝန်ယူထားသော်လည်း ပွဲအပေါ် အာရုံလွင့်ပါးပြီး သူ၏တာဝန်ကို မကျေပွန်ခဲ့ချေ။
ထောင့်ကန်ဘောမှ ဘောလုံးမလာမီ၌ အူဘာမီယန်းသည် ထောင့်ကန်ဘောကန်မည့်သူအားကျောခိုင်းကာ သဘောကျရယ်မောနေသည်ကို ပရိသတ်များ တွေ့မြင်ခဲ့ရသည်။ (ဗြိတိန်မီဒီယာအချို့၏အဆိုအရ အူဘာမီယန်းသည် တိုင်ရုန်းမင်းစ်ပြောသည့်ဟာသတစ်ခုကို သဘောကျပြီး ကွင်းအတွင်းရယ်မောနေခြင်းဖြစ်သည်ဟုဆိုသည်)
ယင်းအချိန်တွင် သူလူကပ်ကစားရမည့် တိုင်းရုန်းမင်းစ်မှာ ထောင့်ကန်ဘောမှဘောလုံးကို အာရုံအပြည့်ထားကာ ပြေးထွက်သွားခဲ့ပြီး ထရာဇီဂေးဂိုးသွင်းနိုင်ရန် ဘောလုံးကိုခေါင်းဖြင့်တိုက်ကာချပေးခဲ့သည်။
ယင်းကဲ့သို့ တိုင်းရုန်းမင်းစ်၏ လှည့်စားမှုကို ခံခဲ့ရသည့် အူဘာမီယန်း၏ အာရုံလွင့်ပါးမှုကို အာဆင်နယ်ပရိသတ်များက ဒေါသထွက်ခဲ့ကြပြီး ပွဲအပြီးတွင် ၎င်းကိုပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
အာဆင်နယ်ပရိသတ်တစ်ဦးက သူ၏ Twitter စာမျက်နှာတွင် ''ကျွန်တော်တို့အသင်းခေါင်းဆောင်၏ အလွန်ရှက်စရာကောင်းသောအဖြစ်အပျက်'' ဟုရေးသားကာ ဝေဖန်ခဲ့ပြီး၊ ပရိသတ်တစ်ဦးကလည်း ''ယူ-၇ လူငယ်ကစားသမားများပင် ဒီလိုလှည့်စားခံရမည်မဟုတ်''ဟု ရေးသားခဲ့သည်။
အခြားပရိသတ်တစ်ဦးကလည်း ပွဲချိန်အတွင်း ပြိုင်ဘက်ကစားသမားတစ်ဦးနှင့် ကွင်းအတွင်းချစ်ကြည်ရင်းနှီးမှုမှာ ရှိသင့်သည့်အရာမဟုတ်ကြောင်း ဝေဖန်ရေးသားခဲ့သည်။
၎င်းက ''ပွဲကစားချိန်တစ်ဝက်မှာပဲ ပြိုင်ဘက်ကစားသမားနဲ့ အကျႌချင်းလဲတဲ့ ကစားသမားတွေကို တွေ့ဖူးပါတယ်။ သူတို့အနေနဲ့ ပရော်ဖက်ရှင်နယ်မပီသဘူးလို့ ကျွန်တော်တွေးမိပါတယ်။ ဒီနေ့ပွဲမှာ ရွိုင်ကင်း(ကွင်းအတွင်း ပြိုင်ဘက်ကစားသမားနှင့် ရင်းရင်းနှီးနှီး ဆက်ဆံသူများကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိသူ) ဘောလုံးဝေဖန်သူမလုပ်ခဲ့တာ နာတာပါပဲ။ ဒီကွင်းထဲမှာတောင် သူ ရှိနေသင့်ခဲ့တာပါ''ဟု ရေးသားခဲ့သည်။









