အာဆင်နယ်အသင်း အားပေးသူပရိသတ်များ၏ ဆန့်ကျင်ဆန္ဒပြမှု ကိုခံနေရသည့် အသင်းပိုင်ရှင်များဘက်မှ အာဆင်နယ်အသင်းနည်းပြ အာတီတာက ကာကွယ်ပြောကြားခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဗီလာ(၁-၀)အာဆင်နယ်ပွဲတွင် ဗီလာအသင်း၏ ဗီလာပတ်ခ်ကွင်းအပေါ်၌ ''BACK ARTETA KROENKE OUT'' ဟု စာတန်းချိတ်ဆွဲထားသည့် လေယာဉ်တစ်စီး ပျံဝဲခဲ့ပြီး အသင်းပိုင်ရှုင် ကရွန်ကီမိသားစုကို အသင်းနှင့် လမ်းခွဲစေလိုသည့် အာဆင်နယ်ပရိသတ်အချို့က ဖန်တီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့က အာတီတာအား ထောက်ခံကြောင်း အဆိုပါစာတန်းတွင် ရေးခဲ့ကြသော်လည်း အာတီတာက ပွဲအပြီးတွင် အသင်းပိုင်ရှင်များနှင့်သူ တစ်သွေးတည်းတစ်သားတည်းရှိနေသည်ဟု ပြောကြားခဲ့သည်။
အာတီတာက ''ကျွန်တော့်ကို အသင်းပိုင်ရှင်၊ အသင်းဘုတ်အဖွဲ့နဲ့ အားကစားဒါရိုက်တာတို့က အပြည့်အဝအားပေးထောက်ခံနေကြတာပါ။ ကျွန်တော်တို့ အတူတကွလက်တွဲပြီး အစီအစဉ်တွေ ချမှတ်နေကြတာပါ။ အချိန်တိုအတွင်းမှာ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ဒါပေမဲ့ အမှတ်ပေးဇယားက မလိမ်ပါဘူး။ အသင်းအတွက် လိုအပ်ချက်ရှိတာကို ပြသနေပြီး ကျွန်တော်တို့အားလုံးကြိုးစားဖြည့်တင်းသွားမှာပါ''ဟု ပြောကြားခဲ့သည်။









